တာချီလိတ် မတ် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းကိုက ၂၀၂၃ ခုနှစ်တွင် မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ ဖြစ်ပေါ်မှုအခြေအနေများ၊ မီးလောင်မှုအရေအတွက် (Fire Hotspot) ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ဝန်းကျင် လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း၊ တောင်စောင်းစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများကို စောင့်ကြည့်လေ့လာခြင်းစသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပက်သက်၍ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိတို့က မီးခိုးမြူငွေ့ညစ်ညမ်းမှု ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment