ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲ၊ ရထားလမ်းချော်ကျမှုဖြစ်ပွား၊ ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲ၊ ရထားလမ်းချော်ကျမှုဖြစ်ပွား၊ ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်





နေပြည်တော်၊ မတ် ၁၈

ယနေ့ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁-၁၂၂/၂ အကြား ရထားဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသော မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့်အတူ စက်ခေါင်းနောက်ကပ် လျက်ရှိသည့် အများပြည်သူသုံးကျောက်များ၊ အိမ်ထောင်ပြောင်းပစ္စည်းများ၊ ပါဆယ်ပစ္စည်းများ ပါဝင်သည့် တွဲ (၆) တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။


အဆိုပါမိုင်းခွဲဖျက်ဆီးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန်လူစီးရထားသည် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးဘူတာသို့ အချိန်မှန် ရောက်ရှိ/ထွက်ခွာ၍ ကျိုက်ထိုဘူတာသို့ နေ့လည် ၁၂ နာရီ ၆ မိနစ်တွင် ရောက်ရှိရပ်နားကာ ရထားတွင်လိုက်ပါစီးနင်းသည့် ခရီးသည် ၄၄၉ ဦးအား မော်တော်ယာဉ် ၇ စီးဖြင့် သထုံဘူတာသို့ နေ့လည် ၁ နာရီတွင် ပို့ဆောင်ပေးခဲ့ပြီး ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် မော်လမြိုင်မှ စတင်ထွက်ခွာလာသည့် အမှတ် (၈၂) အစုန်ရထားသည် သထုံဘူတာသို့ နေ့လည် ၁၁ နာရီ ၃၈ မိနစ်တွင် ရောက်ရှိရပ်တန့်၍ မော်တော်ယာဉ်များဖြင့် လိုက်ပါလာသည့် အမှတ် (၈၁) အဆန်ရထားမှ ခရီးသည်များအား မော်လမြိုင်ဘက်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။ သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ် (၈၂) အစုန် ရထားစီးခရီးသည် ၄၄၁ ဦးအား အဆိုပါမော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ မွန်းလွဲ ၂ နာရီခွဲတွင် ပို့ဆောင်ပေးခဲ့ပြီး အမှတ် (၈၁) အဆန်ရထားဖြင့် ရန်ကုန်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်များအား မော်တော်ယာဉ်များဖြင့် ရထားပေါ်သို့ ကူးပြောင်းပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့မီးရထားဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့ မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၂) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့သည်။


နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)