ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ






နေပြည်တော်၊ မတ် ၂၁

ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ကော်မတီဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာရေးအတွက် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းဇယားများအရ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ပြန်လည်တိုးတက်လာသကဲ့သို့ ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဈေးကွက်ဝင်နိုင်ငံများကို ပြည်ဝင်ဗီဇာဖြေလျှာ့ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း။


ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက် လာသည်နှင့်အမျှ ခရီးစဉ်ဒေသအလိုက် ဈေးကွက်၏ လိုအပ်ချက်နှင့်ဖြည့်တင်းပေးနိုင်မှု အခြေအနေများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နိုင်ငံတကာအစည်းအဝေးများ၊ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် အမှာစာများကို ဖတ်ကြားတင်ပြပြီး ကော်မတီဝင်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှင့် လိုင်စင်ထုတ်ပေးထားရှိမှု အခြေအနေများ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်ရာနေရာများ ဖော်ထုတ်ထားရှိမှုအခြေအနေများ၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးအတွက် ခရီးသွားဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများက ခရီးသွား ဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးနှင့် ခရီးသွားမြှင့်တင် ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတများမပျက်စီးစေ ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)