လသာ မတ်လ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး (အ.ထ.က-၁) လသာကျောင်းမှ ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဥ်အသင့်” သီချင်းဖြင့်အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကင်းထောက်ကြီး ဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ၏ သဘာဝမှာ သက်ရွယ်တူအပေါင်းအသင်းများကို အလေးထားသည့်အတွက် ဝါသနာတူလူငယ်တွေ စုဝေးပြီးအဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်စေကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်းဆောင်ရွက်ခြင်းထက် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ဆောင်ရွက်ခြင်းကို အားပေးရမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းနဲ့ လူမှုရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်တတ်စေလိုကြောင်းစသည့်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)၊ ခရိုင်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ဦးကျော်စံက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး (အထက-၁) လသာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းကကင်း ထောက်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကင်းထောက်ကျင့်ဝတ်ကို ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကင်းထောက်သမိုင်းကြောင်းနှင့် (အ.ထ.က-၁) လသာကင်းထောက်လှုပ်ရှားမှုများကို power point Video click ဖြင့် ပြသခဲ့ပြီးတိုက်ကွမ်ဒိုအဖွဲ့မှလည်း သရုပ်ပြသခဲ့သည်။ ၄င်းကင်းထောက်လူငယ်များအား တာဝန်ရှိသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကင်းထောက် ဝဏ္ဏကျော်ထင်၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)၊ ခရိုင်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၉) မြို့နယ်တွင် မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကင်းထောက်သင်တန်းသား၊ သင်တန်းသား/ သူ (၄၀) ဦး၊ နည်းပြ (၆) ဦးတို့ဖြင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသဲနုအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment