ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား


ရန်ကုန်၊ မတ် ၃၁

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (၃/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်တွင် ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးများ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများကို ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိကို စောင့်ကြပ်ကွပ်ကဲသွားရမည်ဖြစ် ကြောင်း၊ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်သိရှိ၍ ကြိုတင်ထိန်းကျောင်းတားဆီးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ အခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် Main Board အပြင် ဒုတိယ ဈေးကွက်ဖြစ်သော စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်၍ မကြာမီကာလတွင် စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြီးကြပ်ဆောင်ရွက်မှုအပိုင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့ပြင် မိမိတို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများအား တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက (၂/၂၀၂၄) ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက်ရှိ ရာ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၆၁၉၁ ဦး ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ ရှယ်ယာစုစုပေါင်း ၄ ဒသမ ၄၉၈ သန်း၊ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၄၁ ဘီလီယံ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၆၇၇ ဒသမ ၁၀၉ ဘီလီယံရှိရာ မကြာမီကာလတွင် ဒုတိယ ဈေးကွက် (Pre Listing Board) ၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာနသို့ ရောက်ရှိရာ အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက လုပ်ငန်းဆောင်ရွက်မှုအပေါ် အားနည်း ချက်နှင့် အားသာချက်များ၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၂၃/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်ရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်လုပ်ငန်းဆောင်ရွက်မှု၏ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လုပ်ငန်းများ လျာထားချက်ပြည့်မီကျော်လွန်အောင် မြင်အောင်ဆောင်ရွက်နိုင်ရေး ဝန်ထမ်းများအားလုံးက စုပေါင်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း မှာကြားကာ E-Lock စနစ်ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)