တာမွေမြို့နယ်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲကျင်းပ



တာမွေ မတ် ၁၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ကျင်းပသော ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက အဖွင့်အမှာစကားပြောကြားရာ၌ “လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်ထဲက ပထမဆုံးလုပ်ငန်းနံပါတ်(၁)ဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေနဲ့ ဌာနပိုင်မူကြိုကျောင်းများဖွင့်လှစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ မူလတန်းကြိုကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့နေရာတွေမှာလည်း မိခင်ဝိုင်းများ ဖွင့်လှစ်ပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါကြောင်း၊ မူကြိုအရွယ်ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အစာအာဟာရပြည့်ဝစွာ ကျွေးမွေးဖို့လိုအပ်သလို စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေရရှိအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တဲ့အတွက်ကြောင့် ဌာနပိုင်မူလတန်းကြိုကျောင်းတွေမှာဆိုရင် ကလေးတစ်ဦးရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစာအာဟာရပြည့်ဝဖို့၊ လုံလောက်တဲ့အိပ်စက်အနားယူမှုတွေ၊ လွတ်လပ်စွာကစားခြင်းစတဲ့ ကလေးတွေရဲ့ အဓိကလိုအပ်ချက်ကို လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေမှာ နေ့အလိုက် အချိန်ဇယားများရေးဆွဲပြီး သင်ကြားနည်း(၄)နည်းနဲ့ စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးနေပါကြောင်း၊ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေနှင့် ၂၀၁၉ ခုနှစ်မှာ အသစ်ထုတ်ပြန်ထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့အတိုင်း ကလေးအားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယခုလိုကျောင်းတွင်းပွဲများကိုလည်း ကျင်းပဆောင်ရွက်နေပါကြောင်း၊ ယခုလိုပွဲများ ဆောင်ရွက်တဲ့နေရာမှာ မိဘများရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါကြောင်း၊ မူကြိုကျောင်းတွေရဲ့ လုပ်ငန်းပြက္ခဒိန်အရ ယခုကျင်းပတဲ့ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲဟာဆိုရင် ပညာသင်နှစ်ရဲ့ နောက်ဆုံးပွဲလည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွေလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ မွေးရာပါစွမ်းရည်နဲ့ဝါဿနာကို ဖော်ထုတ်ပေးတာပဲဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ဖို့အတွက် မိဘများရဲ့ပံ့ပိုးကူညီအားပေးမှုတွေကို အခြေခံပြီးဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ ပွဲကြီးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် မိဘများအားလုံးက အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးတွေကို အုတ်မြစ်အခြေခိုင်စေဖို့၊ ကလေးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘများအနေဖြင့် ဆရာမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၅) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား/သူရင်သွေးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် ကျောင်းတက်ရက်မှန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူရင်သွေးငယ်လေးများမှ တိုင်းရင်းသားရိုးရာအကအလှများ၊ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ အသီးသီးပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းမှ ဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရင်သွေးငယ်လေးများ၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)