ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

 


စစ်တွေ မတ် ၁၁

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ဒုတိယရဲချုပ်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေဒေသအသီးသီးမှ ရခိုင်ပြည်နယ်ကိုရောက်ရှိပြီး နယ်စပ်ဒေသတွင် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက် နေကြသော အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သကဲ့သို့ အခြားသောဌာနများမှ ဝန်ထမ်းများပါဝင်ပြီး ပူးပေါင်းအဖွဲ့ဖြင့် အနောက်ဘက်တံခါးကို ကာကွယ်စောင့်ရှောက် နေကြခြင်း ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များသည် မိမိတို့ပြည်နယ် အတွက် များစွာအထောက်အပံ့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များအပြင် နယ်စပ်တွင်ရှိသော ကိစ္စအဝဝကို စီမံဆောင်ရွက်ပေးနေသော ကာကွယ်စောင့်ရှောက်ပေးနေသော တပ်ဖွဲ့ဖြစ်ခြင်းကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အသိအမှတ် ပြုပါကြောင်း၊ ယခုရောက်ရှိလာသော အိမ်ထောင်သည် ရဲမေများနှင့် မိသားစုဝင်များသည်လည်း မိမိတို့၏ မိသားစု ဝင်များဖြစ်ကြောင်း၊ သို့အတွက်ကြောင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့တစ်ခုတည်းသာ ထောက်ပံ့ပေးအပ်ခြင်းမဟုတ်ဘဲ အခြား သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေး ကိစ္စရပ်သည် အလွန်အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တဖက်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်အောင် ဆောင်ရွက်နေသကဲ့သို့ တဖက်တွင်လည်း ဒေသ၏ ဖွံ့ဖြိုးတိုး တက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် လိုအပ်သော ထောက်ပံ့ခြင်းများကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကပေးအပ်ရာ တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)