ပို့ကုန်ရငွေ ပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကို သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါကသက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ကုန်ရငွေ ပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကို သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါကသက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး မှာကြား




နေပြည်တော်၊ မတ် ၆

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ရာ ပို့ကုန်ရငွေ ပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကို သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါကသက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားသွားသည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌက ပြောကြားရာတွင် စက်သုံးဆီကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်သူများ သက်သာသည့်ဈေးနှုန်းများနှင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင်များက ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာကော်မတီများမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တရားမဝင်စက်သုံးဆီများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ (3.810) တန် ခန့်မှန်းတန်ဖိုးကျပ် (၁၂)သန်းနှင့် မကွေးတိုင်းတွင် စက်သုံးဆီ (10.464) တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (၃5. ၉၉၂) သန်း၊ စုစုပေါင်းစက်သုံးဆီ (14. 274) တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (47.992) သန်း ဖမ်းဆီးရမိခဲ့ပါကြောင်း။

စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီအရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal (8) ခုနှင့် စက်သုံးဆီဆိုင် (၅၉၁) ဆိုင်အား ချိတ်ဆက်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှုအနေနှင့် Toll Gate ပေါင်း (၅၂) ခုနှင့် CCTV အရေအတွက် (၅၄၂) ခု တပ်ဆင်ပြီးဖြစ်ပါကြောင်း။

အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိပြီးလိုအပ်သလောက် အလွယ်တကူဝယ်ယူနိုင်မယ့် Software Application တစ်ခုအား ရေးဆွဲပြီးဖြစ်ပါသဖြင့် ဖေဖော်ဝါရီလကုန်မှစ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး Software အား လိုအပ်ချက်တချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် (၃၀၀)ကျော် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီများကိုနေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်လိုအပ်ချက်များကို စိစစ်၍ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိပြီး ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်အလိုက် အစိုးရအဖွဲ့များ၏ လမ်းညွှန်မှုနှင့် သက်ဆိုင်ရာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှကြီးကြပ်၍ မြို့နယ်များအထိ စားသုံးဆီ ဖြန့်ဖြူးရရှိသည့်အရေအတွက် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ စားသုံးဆီလက်ဝယ်ရရှိခြင်း ရှိ/မရှိတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်စေလျက်ရှိပါကြောင်း။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၁,၃၀၁) ခုမှ အမေရိကန်ဒေါ်လာ (၂၈၃.၃၆) သန်း၊ တရုတ်ယွမ် (၃၂၁. ၈၀) သန်းနှင့် ထိုင်းဘတ် (၈၇၆.၁၅)သန်း ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကာလတူဖြစ်သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၂၁၅)ခုမှ အမေရိကန်ဒေါ်လာ (၄၅.၁၄) သန်း၊ တရုတ်ယွမ်(၁၀၉)သန်းနှင့် ထိုင်းဘတ် (၁၈၇.၆၇) သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက်ကုမ္ပဏီ (၁,၀၈၆) ခုမှ အမေရိကန် ဒေါ်လာ (၂၃၈.၂၂) သန်း၊ တရုတ်ယွမ် (၂၁၂.၈၀) သန်းနှင့် ထိုင်းဘတ် (၆၈၈. ၄၈) သန်း ပိုမိုဝင်ရောက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ပို့ကုန်ရငွေ ပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါကသက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ပို့ကုန်၊ သွင်းကုန် ငွေကြေးဆိုင်ရာမူဝါဒများအား ယခင်ဗဟိုကော်မတီအစည်းအဝေး (1/2024) ပါအတိုင်း ဆက်လက်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် 2023 - 2024 ဘဏ္ဍာရေးနှစ်မကုန်မီ လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ပြည်ပသို့ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိအောင်လေ့လာပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများတွင် အခက်အခဲ ဖြစ်နေမှုများနှင့် ကြန့်ကြာနေမှုများကို သိရှိအောင်လေ့လာပြီး ဖြေရှင်းရမည့်အစီအမံများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြန်ဆုံးတင်ပြပေးရန်လိုအပ်ပါကြောင်း။

ပြည်တွင်း/ ပြည်ပကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)