နှမ်းသီးနှံစိုက်ပျိုးရာတွင် တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် ဘောင်ကြီးတင်စိုက်ပျိုးနည်းနှင့် ပိုးမွှားရောဂါနှိမ်နင်းနည်းများအကြောင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှမ်းသီးနှံစိုက်ပျိုးရာတွင် တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် ဘောင်ကြီးတင်စိုက်ပျိုးနည်းနှင့် ပိုးမွှားရောဂါနှိမ်နင်းနည်းများအကြောင်း ဆွေးနွေး



နေပြည်တော် မတ် ၃၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင်အယူအဆကွာဟမှုမရှိစေဘဲ တစ်သားတည်းဖြစ်စေရန် ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော အကြိမ်(၃၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲကို “ကျောက်ဆည်ဒေသ နှမ်းသီးနှံစိုက်ပျိုးမှုစနစ်များနှင့် ပိုးမွှားရောဂါနှိမ်နှင်းနည်းများ အကြောင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှ တောင်သူများ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသီပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဆွေးနွေးပွဲများ အပတ်စဉ်ကျင်းပပေးရခြင်းသည် တောင်သူများနှင့် စိုက်ပျိုးရေး သုတေသီပညာရှင်များအကြား ဖြစ်ပေါ်နေသည့် နည်းပညာ၊ အတွေး အခေါ်၊ အယူအဆကွာဟမှုများ နည်းနိုင်သမျှနည်းအောင် လျော့နည်းပပျောက်စေရန် အတူတူပေါင်းစပ် ညှိနှိုင်းသွားရမည့် အလေ့အကျင့်ကောင်းရရှိရေး လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ နှမ်းသီးနှံနှင့်ပတ်သက်ပြီး အထွက်နှုန်းကောင်း၊ ရလဒ်ကောင်းစေသော စိုက်နည်းစနစ်ဖြစ်သည့် ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်နှင့် နှမ်းသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများနှင့်ပတ်သက်၍ တောင်သူများ အကျိုး ရှေးရှုကာ ရည်ရွယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်း ပြောကြားလိုသည်မှာ စိုက်ပျိုးရေး သုတေသီပညာရှင်များအနေဖြင့် တောင်သူများ နားလည်လွယ်ကူသော အသုံးအနှုန်းများကို သတိထားရေးသား ပြောဆိုရန်လိုအပ်ကြောင်း၊ တောင်သူဦးကြီးများ ရောင်းဝယ်ဖောက်ကားရာတွင် လည်း တစ်ဦးချင်းထက် အစုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ရောင်းဝယ်ရန်လိုအပ်နေပြီဖြစ်ကြောင်း၊ မသမာသောနည်းလမ်းဖြင့် ရောင်းဝယ်ဖောက်ကားမှုကို သတိထားရှောင်ရှားကြရန် လိုအပ်နေပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အကြိမ် (၃၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers technical forum ) တွင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဦးစီးမှူးများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများနှင့် ဆရာ ဆရာမများ၊ စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များ၊ နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်အတွင်းမှ တောင်သူ ၁၀၂ ဦး၊ ပညာရှင်ဝန်ထမ်း ၈၅ ဦး၊ Zoon Application မှ တက်ရောက်သူ ၃၀ စုစုပေါင်း ၂၁၇ ဦး တက်ရောက်ပြီး ကျောက်ဆည်ဒေသ နှမ်းသီးနှံ စိုက်ပျိုးမှုစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှု ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကျောက်ဆည်သုတေသနခြံတာဝန်ခံ သုတေသနအရာရှိ ဦးတင့်လွင်ကလည်းကောင်း၊ နှမ်းသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းလမ်းများအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရီရီမြင့်ကလည်းကောင်း ဆွေးနွေးရာ တောင်သူများ မေးမြန်းမှုအပေါ် ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)