အမိနိုင်ငံကို စောင့်ရှောက် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမိနိုင်ငံကို စောင့်ရှောက် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


ရန်ကုန်၊ မတ် ၂၀

 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်) Studio - A ၌ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြဋ္ဌာန်းကျင့်သုံးနေပြီး မိမိတို့နိုင်ငံတွင်လည်း ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ အမိနိုင်ငံကို စောင့်ရှောက် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် ပုံဖော်နေကြသည့်အတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။

ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တာဝန်ထမ်းဆောင်နေသော မိမိတို့ဝန်ထမ်းများကို အင်အားအသစ်များရရှိစေရန် ယခုကဲ့သို့တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ အားလုံးတွင် ရည်မှန်းချက်ကိုယ်စီရှိကြသော်လည်း မိမိတို့အားလုံး၏ဆုံချက်မှာ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရေးပင် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် AI နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နည်းပညာတိုက်ပွဲများ ကြုံတွေ့လာနိုင်သဖြင့် မီဒီယာနှင့်ပတ်သက်သည့် နည်းပညာရပ်များကို ကိုယ်စီလေ့လာ ဆည်းပူးကြစေလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို မျက်ခြည် မပြတ်စောင့်ကြည့်လေ့လာ၍ ပြည်သူများအား မှန်ကန်သည့်သတင်းအချက်အလက်များ ဖြန့်ဝေနေရမည်ဖြစ်ကြောင်း။

ယနေ့ လူငယ်အချို့သည် အတွေးအခေါ်၊ အယူအဆလွဲမှားမှုကြောင့် လမ်းမှားရောက်နေသည့်အတွက် ၎င်းတို့ကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရန် မိမိတို့အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လူငယ်များအား ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာပြီး အသိပညာမြင့်မားနေစေရန်လည်း မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ယနေ့ကြုံတွေ့ နေရသည့်အခက်အခဲများကို ကောင်းမွန်စွာကျော်လွှားရန်နှင့် အနာဂတ်တွင် အလားတူအခက်အခဲများ မကြုံတွေ့အောင် ပြည်သူများနှင့်အတူတကွ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့ပြီး နောင်တွင်လည်း ဆက်လက်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် ပထဝီစီးပွားရေးဆိုင်ရာ အတွေးအမြင်များဖြင့် နိုင်ငံကိုအကျိုးပြုကြစေလိုကြောင်း၊ ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ အားလုံး စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်ကြရန်နှင့် ပြည်သူကိုကောင်းမွန်စွာ အလုပ်အကျွေးပြုကြရန်လိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများနှင့် နိုင်ငံတော်အစိုးရကို ပေါင်းကူးဆက်သွယ်ပေးရသည့် ဌာနကြီးတစ်ခုဖြစ်သဖြင့် တာဝန်ကြီးမားသည်ကို ဝန်ထမ်းတိုင်း သိရှိထားရမည် ဖြစ်ကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြဋ္ဌာန်းကျင့်သုံးနေပြီး မိမိတို့နိုင်ငံတွင်လည်း ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ အမိနိုင်ငံကို စောင့်ရှောက် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် ပုံဖော်နေကြသည့်အတွက် မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် မှန်ကန်သောသတင်းအချက်အလက်များ ကိုရယူပြီး ကောလာဟလများကို ဆန်းစစ်ဝေဖန်နိုင်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်များရရှိပါက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပပျောက်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ ယခုစစ်မှုထမ်းလာမည့် လူငယ်လူရွယ်များအား စေလွှတ်မည်ဆိုသည့် သတင်းများမှာ သတင်းအမှား၊ ကောလာဟလများသာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသည့် ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများအတွက် DTH စလောင်းငါးစုံနှင့် Set-top Box အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်ပေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)