အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာအတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာအတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


ဟိုပုံး မတ် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက္ကချားကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများတွင် အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO၊ KNDF၊ PDF အကြမ်းဖက်သမားများသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှစတင်၍ ရွာသူ၊ ရွာသားများအဖြစ် အသွင်ယူဝင်ရောက်ခြင်း၊ နေအိမ်များကို အကာအကွယ်ယူ၍ ဝင်ရောက်နေရာယူကာ လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။


၎င်းတို့၏ လုပ်ဆောင်မှုအပေါ် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် လက်မခံနိုင်သည့်အတွက် တပ်မတော်သို့ သတင်းပေးတိုင်ကြားမှုများပြုလုပ်ခဲ့သဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLO၊ KNDF၊ PDF အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။


အဆိုပါ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်ကျေးရွာရှိ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် မီးဘေးသင့်ပြည်သူများအား ယနေ့နံနက် (၈) နာရီခွဲက ဟိုပုံးမြို့၊ နမ့်ဟူးကျေးရွာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ မိမိရပ်ရွာအေးချမ်းသာယာရေးအတွက် အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ ဒေသရှိ ပြည်သူများကလည်း မိမိရပ်ရွာ အေးချမ်းတည်ငြိမ်မှု ရရှိအောင် ကာကွယ်စောင့်ရှောက်ပေးကြရန် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ PNOအသွင်ပြောင်း ပြည်သူ့စစ် (ဌာန) ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဗီတာထွန်းနိုင်က ဒေသခံပြည်သူများကို အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေများပေးအပ်ရာ ရပ်မိရပ်ဖ ဦးခွန်တမောင်းမှ လက်ခံရယူပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ မီးဘေးသင့်ပြည်သူနှစ်ဦးမှ လက်ခံရယူကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာန) ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဗီတာထွန်းနိုင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့က ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က ထောက်ပံ့ငွေများ ပေးအပ်၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ပေးအပ်၍လည်းကောင်း၊ စားသောက်ဖွယ်ရာပစ္စည်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး) ကျောင်းအုပ်ကြီးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိကျေးရွာသူ၊ ကျေးရွာသားများက လက်ခံရယူကြသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပန်လျန်းကျေးရွာရှိ ဆရာတော် ဦးန္ဒောဘာသအား ဖူးမျှော်ကန်တော့၍ ပန်လျန်းဘုန်းတော်ကြီးကျောင်း မီးဘေးသင့်ခဲ့သဖြင့် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေ လှူဒါန်းပေးအပ်ရာ ကျောင်းဂေါပက တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့ ကျောက္ကချားကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများတို့က ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတို့ကို ပေးအပ်ရာ ဒေသခံတာဝန်ရှိ ကျေးရွာသူ၊ ကျေးရွာသားများမှ လက်ခံရယူကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)