ဟိုပုံး၊ မတ် ၁၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိသည့် KNDF, PNLA အကြမ်းဖက်အဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။
KNDF, PNLA အကြမ်းဖက်အဖွဲ့များသည် ၁၀-၃-၂၀၂၄ မွန်းလွဲ(၄)နာရီ ခန့်က ဒုံကောင်၊ စံငေါး၊ ပင်လျမ်ကျေးရွာများများရှိ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၁-၃-၂၀၂၄ရက်နေ့တွင် ထပ်မံ၍ ဒုံကောင်နှင့် ပင်လျမ်ကျေးရွာများမှ ကျန်ရှိနေသည့် တဲအိမ်တချို့ကို ထပ်မံမီးရှို့ခဲ့ကြောင်း၊ ၁၂-၃-၂၀၂၄ရက်နေ့ က နမ်းဟူးရွာ ကို မီးထပ်ရှို့ခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက "စစ်တပ်ကိုသတင်းပေးတယ်ဆိုပြီး ရွာတွေကို မီးရှို့တာ။ သူတို့ဘက်မပါလို့ စစ်တပ်က ဗုံးကျဲလို့ အထိနာတာကြောင့် PNLA, kNDF, PDF အကြမ်းဖက်အဖွဲ့တွေက ရွာတွေကို မီးရှို့နေတာပါ။ အဓိက ကတော့ ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ပါ။ အခုက အဲဒီလို မလုပ်တော့ အကြမ်းဖက်သမားတွေကပဲ ဒေသခံပြည်သူတွေကို ဒုက္ခပေးနေတယ်"ဟု ပြောသည်။
ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား၍ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးစေလိုသော်လည်း အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရှိသူများ၏ ဆောင်ရွက်ချက်များမှာ ထိရောက်ပြတ်သားမှု မရှိသောကြောင့် အာဏာပိုင်များ၏ ဆောင်ရွက်ချက်များအပေါ်တွင်လည်း ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။
#News

No comments:
Post a Comment