နေပြည်တော် မတ် ၃၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Novo-sibirsk မြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom မှ တာဝန်ရှိသူများနှင့်အတူ မတ် ၂၉ ရက် နံနက်ပိုင်းတွင် Novosibirsk State Technical University နှင့် Nuclear Energy Information Center တို့သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Novosibirsk State Technical University သို့ ရောက် ရှိကြရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များ၊ ပြည်ပမှ သင်တန်းသားများအား လက်ခံ သင်ကြားနေမှု၊ စာပေသင်ကြားပို့ချပေးနေမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို Video Clip ဖြင့် ရှင်းလင်းပြသကြပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ပညာတော်သင်များ စေလွှတ်နိုင်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်စာသင်ဆောင်များ၊ သုတေသန ပြခန်းများ၊ သိပ္ပံနှင့်နည်းပညာ ဘာသာရပ်အပါအဝင် ဘာသာရပ်ဆိုင်ရာ သုတေသနပြုတွေ့ရှိချက် များနှင့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Nuclear Energy Information Center သို့ ရောက်ရှိကြပြီး နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား Nuclear Energy Information Center မှ တာဝန်ရှိသူများက စွမ်းအင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေမှု၊ ပြည်သူ လူထုအတွင်း အသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ သိပ္ပံနှင့်နည်းပညာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထား သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၏ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
#News

No comments:
Post a Comment