AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီမွတ်စလင်များကို AA တပ်ဖွဲ့ဝင်များအဖြစ် အဓမ္မစည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီမွတ်စလင်များကို AA တပ်ဖွဲ့ဝင်များအဖြစ် အဓမ္မစည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ


ရန်ကုန်၊ ဧပြီ ၁၉

AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် က သူ၏ လူမှုကွန်ရက်စာမျက်နှာမှ လူမျိုးရေးပဋိပက္ခဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (၁၈-၄-၂၀၂၄)ရက်နေ့ ရှင်းလင်းပြောကြားရာတွင် AA အကြမ်းဖက်အဖွဲ့အနေဖြင့် ဘင်္ဂါလီ မွတ်စလင်များကို ၎င်းတို့နှင့် ပူးပေါင်းရန် အဓမ္မစည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်တွင် "ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှလည်း မဖန်တီးခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေသည် ခေါင်းခံရ တယ်၊ တာဝန်ခံရတယ်ဆိုတာသိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ်ဆိုတာသိပြီး ဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာမရှိပါဘူး။ ပဋိပက္ခတွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို ဘယ်ဘက်ကလိုက်တယ်၊ ညာဘက်ကလိုက်တယ် ဒီလိုမျိုးစွပ်စွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်းမစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်ပြောခဲ့တဲ့ ဘူးသီးတောင်ဒေသရဲ့ထူးခြားချက် ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပဋိပက္ခကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ ဒီ AA ဝင်လာမှသာ လူမျိုးရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်နေတာဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောကြားသည်။

AA အကြမ်းဖက်အဖွဲ့က  ဘင်္ဂါလီ မွတ်စလင်များကို အဓမ္မစည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ "ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခုအနီးကပ်ဆုံးဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲ ကျွန်တော်ပြောပါမယ်။ ၂၀၂၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရားကုန်း ကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်စလင်ရွာတွေကို ရွာတစ်ရွာမှာ သုံးယောက်မလာမနေရဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မွတ်စလင်တွေကို သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့တယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက်(၄)မှာနေတဲ့ အာရ်မာန်ဆိုတဲ့ မွတ်စလင်ကို ဆိုင်ကယ်နှစ်စီးနဲ့ AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ပူးပေါင်းတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ ဒီနေ့အထိ ပြန်လွတ်လာခြင်းမရှိဘူး။ အဲဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင်သူတို့လို ဖမ်းဆီးခံရမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်။ နောက်တစ်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံ‌ကျေးရွာအုပ်စုမှာ မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့၊ စစ်ဒေသမှူးတို့အမည်ခံထားတဲ့သူ ၂၀ လောက်က မွတ်စလင်ကျေးရွာတွေအားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မွတ်စလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်ဆီသူတို့ AA နဲ့ပူးပေါင်းဖို့၊ ဆောင်ရွက်ပေးဖို့ ပြောတယ်။ AA ကို ထည့်ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင် သူပုန်ရွာတွေအဖြစ် သတ်မှတ်မယ်ဆိုပြီး ပြောခဲ့တာမျိုးရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၂၃ ရက်နေ့မှာတော့ ညောင်ချောင်းမှာပဲ မွတ်စလင်ကျေးရွာတွေက ကျေးရွာလူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့ လူတွေရပြီလား။ အမြန်ဆုံးပေးဖို့ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ မွတ်စလင်ကျေးရွာတွေဖြစ်တဲ့ လက်ဝက်ဒက်၊ ပုဇွန်ချောင်းကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူးဆိုပြီး ရွာတစ်ရွာလုံးကိုမီးရှို့ခဲ့တယ်။ အဲဒီလို မီးရှို့ခဲ့တဲ့အတွက် အဲဒီကဒုက္ခသည်တွေအားလုံးကို မွတ်စလင် ဒုက္ခသည်တွေအားလုံးကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ မြို့ထဲကို ပြောင်းရွှေ့ပေးရတာ ရှိပါတယ်။" ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ "၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာတော့ ယခင်က မွတ်စလင်အဖွဲ့အစည်းတွေဖြစ်ခဲ့တဲ့ မွတ်စလင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဦးထွန်းခင်နဲ့ နေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာတယ်၊ AA က ခေါင်းဆောင်ပိုင်းတချို့နဲ့တွေ့တယ်။ တွေ့ပြီးတော့ကျ Refugees Camp ကနေပြီးတော့ မွတ်စလင် လူငယ်ငါးသောင်းလောက်ကို AA နဲ့ ပူးပေါင်းအောင် ဆောင်ရွက်ပေးဖို့ဆိုပြီး ဆွေးနွေးခဲ့တာတွေရှိ တယ်ဆိုတာကို သတင်းရရှိပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှာတော့ AA အနေနဲ့ ဘူးသီးတောင်မြို့မှာ ဘူးသီးတောင်မြို့ကနေ မွတ်စလင်တွေ ထွက်ခွာသွားဖို့ဆိုပြီး စာတွေဖြန့်ဝေခဲ့တာရှိတယ်။ ဒါကြောင့်မလို့ မတ်လ ၁၉ ရက်နေ့မှာ မွတ်စလင် ငါးထောင်လောက် AA ကို အလိုမရှိတဲ့အကြောင်း ဆန္ဒပြတာတွေရှိတယ်။ ၂၃ ရက်နေ့မှာလည်း ထပ်မံပြီးဆန္ဒပြခဲ့တာရှိပါတယ်။ အဲဒီ ၂၃ ရက်နေ့မှာပဲ AA အနေနဲ့ ညောင်ချောင်းရယ် စိမ်းညှင်းပြားရယ် ဂူဒါပြင်မွတ်စလင်တွေ ကို AA ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြဖို့ဆိုပြီးတော့ အတင်းအကျပ်စေခိုင်းခဲ့တာရှိတယ်။ သို့သော် သွားရောက်ခဲ့ခြင်းမရှိတဲ့အတွက် ကျေးရွာတွေကို ခြိမ်းခြောက်စာတွေပို့ခဲ့တာလည်း တွေ့ရပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ဘူးသီးတောင်က နုရ်ဘော်ရှိရ်ဆိုတဲ့ မွတ်စလင်အမျိုးသားတစ်ယောက်ကို ဆန္ဒပြပွဲတွေလုပ်ခဲ့တယ်ဆိုပြီးတော့ AA က ဖမ်းဆီးသွားတာရှိပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေကိုခြိမ်းခြောက်ပြီးတော့ AA အနေနဲ့ ဆေးရုံကို ပိတ်လိုက်တယ်။ ဆေးရုံကိုပိတ်ပြီး အဲဒီက ဝန်ထမ်းတွေကို စေတီတောင် AA အခြေပြုနေတဲ့ စေတီတောင်ကို ခေါ်သွားပြီးတော့ AA ကို ကုသဖို့ဆိုပြီးတော့ ဆေးရုံဖွင့်လှစ်ခဲ့တာရှိပါတယ်။ ဒီလပိုင်း ဧပြီလ ၉ ရက်နေ့မှာတော့ ဘူးသီးတောင် အရှေ့ဘက်နဲ့ အနောက်ဘက်ကူးနေတဲ့ ပန်ဇင်းတံတားနားလေးမှာရှိတဲ့ နန်းရားကုန်းကျေးရွာ မွတ်စလင်ရွာဖြစ်ပါတယ်။ နန်းရားကုန်းကျေးရွာ မွတ်စလင်တွေကို AA အနေနဲ့ ပန်ဇင်းတံတားကို သိမ်းဖို့ဆိုပြီးတော့ အတင်းနှင်ထုတ်ခဲ့တာတွေရှိပါတယ်။ သူတို့နဲ့ မပူးပေါင်းခဲ့တဲ့ ရွာတွေဖြစ်တဲ့ ကွန်တိုင်၊ ရွက်ညိုတောင်၊ ဦးလှဖေ အဲဒါမွတ်စလင်ရွာကြီးတွေဖြစ်ပါတယ်။ အဲဒီရွာ သုံးရွာကို ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ AA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဗုံးသီးအလုံး ၁၀၀ ကျော်လောက်ကျခဲ့တယ်။ မွတ်စလင်များ သေကျေပျက်စီးမှုတွေလည်းရှိတယ်။ အဲဒီကနေ ရွာကိုစွန့်ခွာလာပြီးတော့ ဘူးသီးတောင် ဘက်ခြမ်းမှာရှိတဲ့ ကကျက်ဘက်တို့၊ အလယ်ချောင်းတို့၊ ကန်ပြင်တို့ ဘူးသီးတောင်မြို့ပေါ်တို့ကို ပြောင်းရွှေ့ပေးခဲ့တာရှိပါတယ်။ သင်္ကြန်အတက်နေ့ ၁၆ ရက်နဲ့ နှစ်ဆန်း တစ်ရက်နေ့ ၁၇ ရက်နေ့မှာတော့ AA အနေနဲ့ ဘူးသီးတောင်တစ်ဝိုက်မှာရှိတဲ့ရွာတွေကို အသံချဲ့စက်နဲ့ မွတ်စလင်ရွာတွေကို အသံချဲ့စက်နဲ့ လိုက်အော်ပြီးတော့ ကျေးရွာအုပ်စုတစ်စုကို လူလတ်ပိုင်းအယောက် ၂၀၀ AA ကိုပေးဖို့ တောင်းဆိုနေတာရှိတယ်။ ပြီးရင် တပ်ကိုဆန့်ကျင်ဖို့၊ မပေးရင်သူတို့အနေနဲ့ အတင်းအကျပ်ဖမ်းဆီးရမယ်၊ ပြီးရင်နေရာ ပြောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကို တွေ့ရပါတယ်။ ဒါတွေက တကယ့်လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေဖြစ်တယ်။" ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဒီအဖြစ်အပျက်တွေကို ဖုံးကွယ်ချင်တဲ့အတွက်၊ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဖုံးကွယ်ချင်တဲ့ အတွက် မဟုတ်မမှန်စွပ်စွဲပြောဆိုတာမျိုးဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီဘူးသီးတောင် - မောင်တောဒေသ လုံခြုံမှုရှိစေရေး၊ ဘူးသီးတောင် - မောင်တော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားများ၊ မွတ်စလင်များ၊ အားလုံးနေထိုင်ကြသူများအနေနဲ့ ပဋိပက္ခများ မဖြစ်ပွားစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ AA နဲ့ပတ်သက်လာပြီး ဘူးသီး တောင်မြို့ - မောင်တောမြို့ပေါ်မှာ ပြောဆိုနေတာက သူတို့ကိုယ်သူတို့ AA -Arakan Army ဆိုပြီး ပြောကြတယ်။ အဲဒီဘက်ဒေသမှာတော့ လူတိုင်းမေးကြည့်ရင် သိနိုင်ပါတယ်။ AA မဟုတ်ပါဘူး ADA ပါ။ Arakan Drug Army ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ် ဆေးဝါးသယ်ယူ/ ပို့ဆောင်နေတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ရန်ကုန်မှာမိလိုက်ရင်လည်း AA အဖွဲ့နဲ့ ပတ်သက်နေတာပဲ၊ မန္တလေးမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး၊ စိတ်ကြွဆေးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖော်ထုတ်ဖမ်းဆီးရမိရင်လည်း AA နဲ့ ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတာ၊ မူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအတွက် လှုံ့ဆော်ပေးနေတာမှန်သမျှသည် အကြမ်းဖက်လုပ်ရပ်များ ကမ္ဘာမှာ မူးယစ်ဆေးဝါးပြန့်ပွားရေးလုပ်ရပ်များကို အားပေးကူညီနေသူ တွေဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။" ဟု AA အကြမ်းဖက်အဖွဲ့က မူးယစ်ဆေးဝါး ကူးသန်းရောင်းဝင်နေပြီး လူမျိုးရေးပဋိပက္ခ ဖန်တီးနေမှုများကို ရှင်းလင်းပြောဆိုသွားခဲ့သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)