နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များ ရရှိ






နေပြည်တော်၊ ဧပြီ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (H.E. Mr. Wang Xiao Hong) ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် Beijing Capital အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဆာ(Lhasa)မြို့သို့ ထွက်ခွာခဲ့ရာ Lhasa Gongga လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရောက်ရှိခဲ့ပြီး တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယရဲတပ်ဖွဲ့မှူး မစ္စတာကျူးရှိုခဲ (Mr. Zhu Shouke) ဦးဆောင်သောအဖွဲ့က ကြိုဆိုခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့မှူး မစ္စတာကျန်းဟုန်ပေါ (Mr. Zha-ng Hongbo) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့မှူး Mr. Zhang Hongbo တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။


ဧပြီ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ UNESCO စာရင်းဝင် အထင်ကရနေရာတစ်ခုဖြစ်သည့် Potala Palace နှင့် တာ့ကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကောလိပ်သို့ သွားရောက်ပြီး သင်တန်းသားများ၏ လက်တွေ့လေ့ကျင့်မှု အစီအစဉ်များကိုလည်းကောင်း၊ ကျားရှီး (Zhaxi) ရဲစခန်းသို့သွားရောက်ပြီး အမျိုးသားမှတ်ပုံတင်ကတ် ပြုလုပ်ခြင်းနှင့် ရဲလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိဗက်ပြည်နယ်အကြမ်းဖက်မှု နှိမ်နင်းရေးဌာနသို့ သွားရောက်ပြီး မိုင်းရှင်းလင်းရေး လေ့ကျင့်ခန်းများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စီးနင်းဝင်ရောက်နှိမ်နင်းမှု လေ့ကျင့်ခန်းများနှင့် လက်ဖြောင့်တပ်သားများ၏ လေ့ကျင့်ပစ်ခတ်မှုများကိုလည်းကောင်း လေ့လာခဲ့ကြသည်။


ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဆာ(Lhasa)မြို့မှ စီချွမ်းပြည်နယ်ချန်ဒူးမြို့သို့ ထွက်ခွာခဲ့ရာချန်ဒူးမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ကွမ်တုံးပြည်နယ်ကွမ်ကျိုးမြို့သို့ ဆက်လက်ထွက်ခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကွမ်တုံးပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး မစ္စတာဟွမ်ကော်ဟွေး (Mr. Huang Guohui) ဦးဆောင်သောအဖွဲ့က ကြိုဆိုခဲ့ကြသည်။


ယင်းနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၄၀ တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကွမ်တုံးပြည်နယ် ရဲတပ်ဖွဲ့မှူးမစ္စတာလျိုကော်ကျိုး (Mr. Liu Guozhou) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်နေပြည်သူများ ဘေးကင်းလုံခြုံရေး၊ နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျူးမြစ်အတွင်း လှည့်လည်လေ့လာခဲ့ကြသည်။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များကို ရရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)