ပြည်ထောင်စုဝန်ကြီးများ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု လှည့်လည်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးများ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု လှည့်လည်စစ်ဆေး

နေပြည်တော်၊ ဧပြီ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်တို့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပုဂံမြို့ဟောင်းကျုံးတူးဖော် ထိန်းသိမ်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ လွန်ခဲ့သောနှစ်ပေါင်း ၉၀၀ ကျော်က ရှေးမင်း ကောင်းမင်းမြတ်များနှင့် ပြည်သူများတူးဖော်အသုံးပြုခဲ့သည့် ရှေးဟောင်းရေကန်ဖြစ်သော မြကန်ကို ကြည့်ရှုစစ်ဆေးရာ မြကန်တူးဖော် ထိန်းသိမ်းမှုအခြေအနေ၊ ရေဝင်ရောက်ရေး၊ ရေဝင်လမ်းကြောင်းများ ထိန်းသိမ်းရေးတို့နှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ဇယဝေရီကန်နှင့် မင်္ဂလာကန်(၃)တူးဖော်ပြီးစီးမှု အခြေအနေတို့ကို မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ ဖိုးသူတော်ကန် တူးဖော်ပြီးစီးမှုအခြေအနေကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ကန်အတွင်း ရေဝင်လမ်းကြောင်းများ ရေဝင်ရောက်ရှိရေး၊ ကန်အတွင်းရေစိမ့်မှုများမရှိစေရေး၊ ရေအဆက်မပြတ်ရှိစေရေး၊ ရေကန်များကြံ့ခိုင်မှုရှိရေး၊ ရေကန်တစ်ကန်နှင့် တစ်ကန်ချိတ်ဆက်သည့် ရေလမ်းကြောင်းများမိုးမကျမီ အပြီးတူးဖော်ထိန်းသိမ်းရေးတို့ကို မှာကြား သည်။


ယင်းနောက်ရေတော်မုနိကန်၊ ရွာဟောင်းကြီး ကန်၊ ဆုတောင်းပြည့်ကန်၊ ကိုမောက်ကန်များ ပြန်လည်တူးဖော်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေကိုလည်းကောင်း၊ ပုဂံခေတ်ကတည်းက မြကန်မှပုဂံမြို့ဟောင်း ကျုံးအတွင်းသို့ ရေစီးဆင်းသည့် ရေစီးလမ်းကြောင်း တစ်လျှောက်တွင် အနော်ရထာလမ်း ဖြတ်သန်းဖောက်လုပ်ခဲ့သဖြင့် ရေကျော်နေသည့် နေရာအား Box culvert ပြုလုပ်မည့်နေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ၁၉၉၀ ပြည့်နှစ်က တူးဖော်ခဲ့ပြီးသဲနုန်းပို့ချမှုကို ပြန်လည်ဖယ်ရှား၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်နေသည့် ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံး တူးဖော်ထိန်းသိမ်းမှုကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်အကြီးအကဲ အာနန္ဒာဘုရားသို့ ဖူးမြော်ကြည်ညိုစဉ်က လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်ကာလ ပျဉ်ပြားမင်းနန်းစံစဉ် ကတည်းက မြို့ရိုး၊ ကျုံး၊ မြောင်းများနှင့်အတူ ရေတွင်းရေကန်များ တူးဖော်ခဲ့ပြီး သဘာဝမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်၍ အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှအလံပုဂံ၊ ၎င်းမှအလယ် ကန် ၊ ၎င်းမှ လေးမျက်နှာကန်၊ ၎င်းမှ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်စသည်ဖြင့် ရေကန်အဆင့်ဆင့်သို့ ရေစီးလမ်းများဖြင့်သွယ်ယူ၍ ပုဂံမြို့ ကျုံးအတွင်းထိ ရေသွယ်ယူစီမံခဲ့သည်ကို ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းသုတေသနပြု၍ တူးဖော်ထိန်းသိမ်းမှုအခြေအနေ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိစေရန် စစ်ဆေးအကြံပြုမှု(HIA)အတိုင်း ဆောင်ရွက်မှု၊ ပြည်ပရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်ကိုပါဖိတ်ခေါ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ကွင်းဆင်းလေ့လာ၍ အကြံပြုအကဲဖြတ်ခြင်းများကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အဆိုပါ ရှေးဟောင်းရေကန်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ အကူအညီဖြင့် စနစ်တကျဖော်ထုတ် နုန်းပို့ချထားသည်များကို ဆယ်ယူ၍ ဒေသခံများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိစေရန်နှင့် ရှေးဟောင်းရေစီမံမှုစနစ် ပြန်လည်အသက်ဝင်စေရန် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရန်နှင့် အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်း ရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ပုဂံဒေသရှိ ကျေးရွာများတွင် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေသော သောက်ရေသုံးရေ၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးရေများ သိုလှောင်အသုံးပြုနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေရေးပါ ဆောင်ရွက်ပေးရန်နှင့် ရေရှည်အတွက်ပါ ဆက်လက်ထိန်းသိမ်းရေး စီမံပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ကျောက်ပန်း တောင်းမြို့နယ်သို့ရောက်ရှိပြီး မြို့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ခဲ့ရာ တာဝန်ခံအရာရှိက မြို့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)