စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 




မုံရွာ  ၊  ဧပြီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဘက်စုံပညာထူး ချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့် ပျိုးထောင်ရန်ရည်ရွယ်ကာ လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးနှင့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများထဲမှ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်း မွန်သူများအား လူရည်ချွန်၊ လူရည်မွန်များအဖြစ် သတ်မှတ်ရွေးချယ် ဂုဏ်ပြုချီးမြှင့်သည့် လူရည် ချွန်စီမံကိန်းအား နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးမှ ရွေးချယ်ခြင်းခံရ သည့်လူရည်ချွန်များအနေဖြင့် မိမိတိုင်းဒေသကြီး၏ ဂုဏ်သိက္ခာ၊ မိမိခရိုင်၊ မိမိမြို့နယ်၊ မိမိကျောင်းဂုဏ်သိက္ခာ ကောင်းမွန်စေရေးအတွက် စခန်းအတွင်းလိုက်နာရမည့် စည်းကမ်းများ၊ စခန်းအတွင်းပြိုင်ပွဲများ၊ လေ့လာရေးလုပ်ငန်းများ၊ သွားလာနေထိုင်စားသောက်ရေး ကိစ္စရပ်များ တို့တွင်အများနှင့်အတူအချိန်ကိုက် လိုက်ပါလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူရည်ချွန်ရွေးချယ်ခြင်းလုပ်ငန်း၊ လူရည်ချွန်အပန်းဖြေစခန်းများသို့ စေလွှတ်ခြင်း စသည့် လူရည်ချွန်စီမံကိန်းလုပ်ငန်းများအား ငွေကြေးအမြောက် အများရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်အတွက် အားထားရသည့် လူငယ်များအား မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် လူရည်ချွန်များသည် နိုင်ငံတော်အတွက် ဟူသည့်ခံယူချက်ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အားထားရသည့် ထာဝရလူရည်ချွန်များဖြစ်အောင် အစဉ်အမြဲကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ၁၉၈၁ ခုနှစ်၊ သတ္တမတန်းနှင့် ၁၉၈၃ ခုနှစ်၊ နဝမတန်း လူရည်ချွန်နှစ်ထပ် ကွမ်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်နှင့် ၁၉၈၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် စတုတ္ထနှစ် သစ်တောပညာလူရည်ချွန် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့က လူရည်ချွန်အတွေ့ အကြုံများအား ပြောကြားကြပြီး လူရည်ချွန်မောင်မယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ် ဆရာ/ ဆရာမများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြင့်ပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့မှ လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီး မြှင့်ကြသည်။ 

ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား နှစ်ထပ်ကွမ်း လူရည်ချွန် မမြင့်မြတ်ကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ၊ လူရည်ချွန်မောင် မယ်များနှင့် နံနက်စာများအတူတကွသုံးဆောင်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အလုံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၃ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၃ ဦးနှင့် စာသင်သား၊ စာသင်သူ ၆၀ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး စာသင်သား၊ စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများနှင့်အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ တိပိဋကာလင်္ကာရ သာမဏေကျော် ကျောင်းတိုက်ရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၁ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၁ ဦးနှင့်စာသင်သား၊ စာသင်သူ ၁၅ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး စာသင်သား၊ စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေး ကာ တာဝန်ရှိသူများနှင့် အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများပေးအပ် ခဲ့ကြပြီး စာသင်ဝိုင်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)