မေလမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိခြင်း … - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေလမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိခြင်း …





(ယမန်နေ့မှအဆက်)

မုန်တိုင်းဆိုသည်…

မုန်တိုင်းဆိုသည်မှာ အစိုးမရ၊ အလားတူမုန်တိုင်းမျိုး မေလတွင်လည်းကောင်း အောက်တိုဘာလ၊ နိုဝင်ဘာလတွင်လည်းကောင်း ဝင်လာမှာကိုစိုးရိမ်ခြင်းဖြစ်ပါတယ်။ ရာသီဥတုပုံမှန်သဘာဝအရဆိုရင် မိုးနှောင်းမုန်တိုင်းတို့ဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားစွာမပြုနိုင်ဟု ဆက်စပ်ပြောဆိုခြင်းဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်း၊ မုန်တိုင်းကြီးငယ်ဖြစ်ပေါ်ခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သဲမုန်တိုင်းတိုက်ခြင်း၊ ရေလွှမ်းရေကြီးခြင်းတို့ရဲ့ နောက်ခံအကြောင်းတရားက ဘာလဲလို့မေးရင် သိပ္ပံပညာရှင်အပေါင်းက ကမ္ဘာကြီးပူနွေးလို့ပဲဆိုပြီး ထောက်ပြကြပါတယ်။ ကမ္ဘာကြီးပူနွေးရတဲ့အကြောင်းရင်းက ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကြောင့်ပဲ။ ပင်လယ်ရေမျက်နှာပြင်အထက် ရေခိုးရေငွေ့ဓာတ်များလာခြင်းစတဲ့ အဓိကအကြောင်းတရားတွေကြောင့် မုန်တိုင်းကြီး၊ ငယ်ဖြစ်ပေါ်လာပါတယ်။

နှစ်ပေါင်း ၁၆၀ အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်ကို သိပ္ပံနည်းကျတိုင်းတာတဲ့ မှတ်တမ်းတွေအရ ၁၉၉၈ ခုနှစ် အပူချိန်အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ဒုတိယအပူချိန်အမြင့်ဆုံးဟာလည်း ၂၀၀၁ ခုနှစ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အပူချိန်အမြင့်ဆုံးကိုရောက်ခဲ့တဲ့ ၁၀ နှစ်က နာဂစ်မတိုင်မီ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းက ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် မတ်လဟာ အပူချိန်အမြင့်ဆုံးကို ရောက်ခဲ့တာ တွေ့ရပြန်တယ်။

အပူတွေ စုပ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ ဒြပ်ဝတ္ထုပစ္စည်းတွေအားလုံးပါပဲ။ သို့သော် ကမ္ဘာမြေကို ရေက ၇၀ ရာခိုင်နှုန်းနဲ့ ဖုံးလွှမ်းထားတော့ရေဟာ ဒီအပူတွေကို အများဆုံး သိုလှောင်သိမ်းနိုင်ပါတယ်။ မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေကလည်း အပူကိုစုပ်ပါတယ်၊ ပင်လယ်သမုဒ္ဒရာကရေကလည်း အပူကိုစုပ်ယူထိန်းထားပါတယ်။ ပင်လယ်ရေဟာ အပူကိုစုပ်ထားတဲ့အတွက် ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန်ဟာ မြင့်တက်ဖို့ရှိပါတယ်။ ရေဟာလည်း အလိုအလျောက်ကို အငွေ့ပြန်တဲ့သဘောရှိတော့ အပူချိန်မြင့်လာတာနဲ့ ရေခိုးရေငွေ့အဖြစ် လေထုဆီကို ပျံတက်သွားတဲ့သဘောဟာ သဘာဝတရားပါပဲ။


မုန်တိုင်းဆိုင်ရာ အခြေခံသိပ္ပံသဘောတရားတွေဟာ-

မုန်တိုင်းပေါ်လာဖို့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ၂၆.၅°C ထက် မြင့်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ရေခိုးရေငွေ့များလေ တိမ်တိုက်ဖြစ်ထွန်းမှုအားကောင်းလေ၊ မုန်တိုင်းဖြစ်နိုင်ခြေများလေပါပဲ။

ရေပြင်လေတိုက်မှု ပုံသဏ္ဌာန်၊ ကောင်းကင်အမြင့်ပေ ၄၀၀၀၀ မှာရှိတဲ့ လေတိုက်မှုပုံသဏ္ဌာန်တို့ပေါ်မှာလည်း မုန်တိုင်းဖြစ်နိုင်ခြေဟာ မူတည်ပါတယ်။

ပြင်းထန်တဲ့ မုန်တိုင်းတို့ဟာ ၄ နှစ်၊ ၈ နှစ် တစ်ကြိမ် ကြုံရတတ်တယ်ဆိုတဲ့အချက်ကို သတိပြုရပါလိမ့်မယ်။

နာဂစ်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၀၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယအရှေ့တောင် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်ဦးတည်တဲ့သဘော တွေ့ရပါတယ်။ မကြာခင်မှာ အားပျော့သွားခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ ဆိုင်ကလုန်းနာဂစ်ဟာ အားပြန်ကောင်းလာကာ အရှေ့ဘက်ကို အရှိန်အဟုန်နဲ့ဦးတည်လို့ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို မေလ ၂ ရက်နေ့မှာ အဆင် (၄) နဲ့ ဝင်ရောက်ခဲ့တာကို အားလုံးမှတ်မိကြပါလိမ့်မယ်။

ပုံမှာလည်း မုန်တိုင်းရဲ့လမ်းကြောင်းကို ပြထားပါတယ်။ ဘိုလာ မုန်တိုင်းလမ်းကြောင်းကိုလည်း လေ့လာနိုင်ဖို့ ယှဉ်တွဲပြထားပါတယ်။

ဒီလို မုန်တိုင်းကြီးတွေမှာ အပူစုပ်ယူထားတဲ့ ပင်လယ်ရေမျက်နှာပြင်က ရေမော်လီကျူးတွေ မြောက်မြားစွာပါဝင်ပါတယ်။ အပူစုပ်ယူနိုင်တဲ့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေလည်း ပါလာမှာဖြစ်ပါတယ်။ ရေခိုးရေငွေ့ ၁၀၀ ရာခိုင်နှုန်းရှိခဲ့ရင် ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ရေခိုးရေငွေ့နဲ့အတူ ပါဝင်နေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ဘင်္ဂလားပင်လယ်အော်ရဲ့ကောင်းကင်မှာ တန်သန်းပေါင်း သန်းချီရှိနေတဲ့ ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာ ဘိုလာဆိုင်ကလုန်းမုန်တိုင်း၊ နာဂစ်နဲ့ မိုခါမုန်တိုင်းတို့ကို ဖန်တီးတယ်လို့ သိပ္ပံရှုထောင့်က ပြောရမှာဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းဟာလည်း မေလ ၂ ရက်နေ့ ၂၀၀၈ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့တာမို့ နာဂစ်မုန်တိုင်းကြီးနဲ့ မိုခါမုန်တိုင်းတို့ဟာ မေလမှာ ဝင်ရောက်တိုက်ခတ်ခဲ့တာ တွေ့ရပါတယ်။

၉၀ ရာခိုင်နှုန်းသော အဆောက်အအုံတွေရဲ့ခေါင်မိုးတွေလန်ထွက် ပျက်စီးမှုတွေရှိခဲ့ပြီး သောက်သုံးရေနဲ့ ကျန်းမာရေး၊ ဆေးဝါးတွေရရှိမှု အခက်အခဲတွေ့ရှိခဲ့ပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့ တို့မှာရှိတဲ့ ကျန်းမာရေးအဆောက်အအုံတွေလည်း များစွာပျက်စီးခဲ့တယ်။ သောက်သုံးနိုင်တဲ့ ရေချိုအရင်းအမြစ် ၂၀၀ ကျော်ကို ပင်လယ်ဆားငန်ရေ စီးဝင်လွှမ်းသွားတာကြောင့် လူထုတစ်သိန်းဟာ သောက်သုံးရေအခက်အခဲကြုံခဲ့ရတယ်။ ချင်းပြည်နယ်ထဲက အိမ်ထောင်စု ၇၀၀၊ မကွေးတိုင်းဒေသကြီးမှ အိမ်ထောင်စု ၄၈၀၀ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မှ အိမ်ထောင်စု ၂၈၀၀ တို့ဟာ မုန်တိုင်းကြောင့် အပျက်အစီးကြီးမားခဲ့ပါတယ်။

ဝန်ကြီးဌာနအသီးသီးရဲ့ တာဝန်ရှိရှိပါဝင်မှု၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းတွေ၊ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေရဲ့ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အရေးကြုံလာရင် နိုင်ငံတော်အကြီးအကဲကအစ ပြည်ထောင်စုဖွား ညီနောင်သားချင်းတို့ရဲ့ ရိုင်းပင်းကူညီကြတဲ့ စိတ်ထားနဲ့သဘာဝဘေးအန္တရာယ်၊ အဖျက်အန္တရာယ်ကို အချိန်တိုတိုအတွင်း ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ မုန်တိုင်းကြီး၊ ငယ်တို့ ကျရောက်ပြီဆိုရင် ပျက်စီးဆုံးရှုံးမှုတွေရှိမယ်။ လူပင်ပန်းစိတ်ပင်ပန်းရှိကြမယ်။ လူမှုရေးအဖွဲ့အစည်းတွေအလုပ်ရှုပ်ကြမယ်။ မုန်တိုင်းကြုံတိုင်း ဒီသံသရာကိုဖြတ်ကြရမှာဖြစ်ရာ တခြားနည်းလမ်း ဘယ်လိုရှိတယ်ကို သိပ္ပံသုတေသီတို့ရဲ့ ရှုထောင့်နဲ့ကြံစည်အားထုတ်မှုတို့ လိုလာမှာဖြစ်ပါတယ်။


သိပ္ပံသုတေသီတို့၏ ရှုထောင့်

ရေခိုးရေငွေ့နဲ့ ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နှစ်မျိုးဟာအပူကိုစုပ်ပါတယ်။ ပြီးရင် အပေါ်ကိုမြင့်တက်လာပါတယ်

ရေဟာ ရေခဲ၊ ရေ၊ ရေခိုးရေငွေ့ဆိုပြီး ရုပ်လက္ခဏာသုံးမျိုးနဲ့ နေပါတယ်။ ရေခဲက ရေ၊ ရေက ရေခိုးရေငွေ့အဖြစ်ပြောင်းလဲဖို့ အလားအလာဟာ ပိုရှိပါတယ်။

စံအပူချိန်နဲ့ စံဖိအားမှာ ရေခဲဟာရေဖြစ်ဖို့များတယ်၊ ရေခဲဟာရေဖြစ်ဖို့ အလိုအလျောက်ပဲဖြစ်တယ်။ ရူပဓာတုဗေဒ သာမိုဒိုင်းနမစ် သဘောတရားအရပြောင်းလဲတဲ့ သဘာဝတရားကြီး တစ်ခု။ စံအပူချိန်နဲ့ စံဖိအားမှာ ရေဟာရေခဲအလိုအလျောက်မဖြစ်။

ရေကနေပြီး ရေခိုးရေငွေ့ဖြစ်ဖို့ နှေးပင်နှေးသော်လည်း ပြောင်းလဲနေတယ်ဆိုတဲ့ အင်ထရိုပီ (Entropy) မြင့်တဲ့သဘောလို့ သိပ္ပံက ရှင်းပြပါတယ်။

ဥပမာ ရေမွှေးပုလင်းကို အလှပြင်ခန်းထဲမှာ ဖွင့်ထားရင် အလိုအလျောက်ရေမွှေးနံ့တွေဟာ အခန်းအပြင်ကို ရောက်လာပါတယ်။ ဒူးရင်းသီးနံ့ဟာလည်း ဒီသဘောပဲ။ ဘာမှလုပ်ပေးစရာမလိုဘဲနဲ့ အနံ့ဟာအပြင်ကို ရောက်လာတာဟာအနံ့သင်းတဲ့ မော်လီကျူးတွေဟာကျယ်ပြန့်တဲ့ ဟင်းလင်းပြင်ထဲ ဖြန့်ကြက်လာတဲ့သဘောကို သိပ္ပံဝေါဟာရအရ အင်ထရိုပီမြင့်တယ်လို့ ခေါ်တာဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်မှာရှိတဲ့ ရေမော်လီကျူးတွေဟာလည်း ဒီသဘောပါပဲ။ အပူချိန်နဲ့ လေဖိအားအပေါ်မှာမူတည်ကာ ရေခိုးရေငွေ့ဖြစ်လာတာ ပိုပြီးမြန်ဆန်လာပါတယ်။

ရေခိုးရေငွေ့အခြေအနေမှာ ရေမော်လီကျူးတွေဟာ တစ်ခုနဲ့တစ်ခုဝေးကွာပြီး ကျယ်ပြန့်လာပါတယ်။ အပူစွမ်းအင်(Heat energy) ကနေ အရွေ့စွမ်းအင် (Kinetic Energy)အဖြစ် မုန်တိုင်းအတွင်း အပြောင်းအလဲဖြစ်ရာမှာ Entropy ကြောင့်ပဲဖြစ်ပါတယ်။ ရေငွေ့ဟာရေထက်အပူ(Heat)ကို စုပ်ထားပါတယ်။ အဲဒီအပူကို တုန်ခါခြင်း (Vibration, Oscillation) လှည့်လည်ခြင်းစတဲ့နည်းနဲ့ ရေငွေ့မှုန်များအတွင်း လွှဲပြောင်းပါတယ်။ ဒါကို Transference of heat within the fluid caused by the tendency of water vapor (Warmer material to rise လို့ ပြောတာဖြစ်ပါတယ်။ ပူတဲ့ ရေခိုးရေငွေ့တွေဟာ ပင်လယ်ရေမျက်နှာပြင် အောက်ခြေကနေအပေါ်ကို အရှိန်နဲ့တက်လာပါတယ်။ ဒီလိုနဲ့ ရေခိုးတွေတိမ်တိုက်တွေဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းသွားပါတယ်။ နာဂစ်ဆိုင်ကလုန်းဟာ ဘင်္ဂလားပင်လယ်အော် အပူပိုင်းဒေသမုန်တိုင်း (Tropical Storm) ဖြစ်ပြီး မေလ ၂ ရက်နေ့မှာ တစ်နာရီ ၂၁၅ ကီလိုမီတာနှုန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ဝင်ရောက်ခဲ့ပါတယ်။


ကောင်းပါပြီ…

အပူစုပ်ယူခြင်း၊ အပူဟာမြင့်ရာမှ နိမ့်ရာသို့စီးခြင်း။ စနစ်ရဲ့ အင်ထရိုပီအပြောင်းအလဲ (∆SSystem)၊ ပြင်ပအင်ထရိုပီအပြောင်းအလဲ ((∆SSurrounding)နဲ့ စုစုပေါင်း အင်ထရိုပီအပြောင်းအလဲ (∆STotal)၊ ထို့အပြင် စွမ်းအင်လွတ် (Free Energy)ဆိုတဲ့ သာမိုဒိုင်းနမစ် သဘောတရားတွေဟာမြင့်မားလှတာမို့ သတင်းစာဆောင်းပါးမှာ ‘အကင်း’လောက်သာ ရှင်းပြနိုင်ပါတယ်။ မြန်မာ့ဆိုရိုးထဲမှာ ‘ကြမ်းကြားလေဟာ အေးတယ်’ဆိုတဲ့ မြန်မာကြီးတွေနဲ့ သိပ္ပံအမြင်နဲ့ အလွန်နီးစပ်ပါတယ်။ ဒါကြောင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ -

စစ်တွေတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် သုတေသီတို့က နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ကြရလိမ့်မယ်။

ဒီလိုလုပ်ဆောင်ရာမှာ တက္ကသိုလ်တွေမှာ မိုးလေဝသတိုင်းတာ ရေးစခန်းတည်ထောင်ရပါမယ်။ တက္ကသိုလ်တွေမှာရှိတဲ့ University Research Centre တွေနဲ့ ပူးတွဲထားရပါမယ်။

တက္ကသိုလ်တွေမှာ Community Development Centre တွေနဲ့ ချိတ်ထားရပါမယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ ပူးတွဲလုပ်ဆောင်ကြပြီး ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဆရာမတွေက မိုးလေဝသဆိုင်ရာအချက်အလက်တွေကို တိုင်းတာခြင်း၊ လေ့လာခြင်း သုတေသနပြုခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး မှတ်တမ်းတွေပြုစု လေ့လာနေရပါလိမ့်မယ်။

ကမ်းရိုးတန်းဒေသမှာရှိတဲ့ တက္ကသိုလ်တွေကတော့ လေပြင်းမုန်တိုင်းနဲ့ စပ်လျဉ်းတဲ့အချက်အလက်တွေကို အလေးထားတိုင်းတာခြင်းတွေပြုကြပြီး မုန်တိုင်းမကျရောက်မီကာကွယ်နိုင်တဲ့ နည်းလမ်း တွေဖော်ထုတ်ကြရပါမယ်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့ကလည်း သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ ပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေးတို့အတွက် မျိုးဆက်သစ်သုတေသီတွေကို မွေးထုတ်ပေးရပါလိမ့်မယ်။ ဒီလိုသုတေသနမျိုးလုပ်ဖို့အတွက် ပညာရှင်တွေလိုပါလိမ့်မယ်၊ ငွေကုန်ကြေးကျခံရပါလိမ့်မယ်။ အချိန်ပေးရပါလိမ့်မယ်။ အတွေ့အကြုံစုပေါင်း ကြရပါလိမ့်မယ်။

ရည်မှန်းချက်ပန်းတိုင်ကတော့ အန္တရာယ်ကြီးမားတဲ့ မုန်တိုင်းကိုတောင် အကျိုးဖြစ်ထွန်းအောင် သုတေသနတွေပြုကြဖို့ မုန်တိုင်းရဲ့အဖျက်စွမ်းအားကို ဘယ်လိုနည်းလမ်းနဲ့ အပြုစွမ်းအားအဖြစ် ပြောင်းလဲသွားစေဖို့ ကြံစည်အားထုတ်ရမှာဖြစ်ပါတယ်။ ပညာရှင်အသီးသီးက လေ့လာကြဖို့နဲ့ နိုင်ငံတော်က ကြီးကြပ်သုတေသနပြု ဖို့အထိပင် ရောက်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။


ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)