ကျင်ဒွေးမြို့က ဒေသခံပြည်သူတွေအတွက် လိုအပ်ချက်တွေ ရှိနေတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျင်ဒွေးမြို့က ဒေသခံပြည်သူတွေအတွက် လိုအပ်ချက်တွေ ရှိနေတယ်


ဒီနေ့မနက် ကျင်ဒွေးမြို့အနီးဝန်းကျင်မှာ ရှိနေတဲ့ CDF/PDF အကြမ်းဖက်သမားများ အသေရရှိမှုနဲ့ လက်နက်ခဲယမ်းများ ရရှိမှု သတင်းကို ဖော်ပြပေးခဲ့ပါတယ်။ ကျင်ဒွေးမြို့အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့လည်း အရေးပေါ်အခြေအနေ သိရသမျှ ဖော်ပြပေးပါတယ်။ တခြားသော မီဒီယာတွေကလည်း တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဖော်ပြနေတာတွေ ရှိပါတယ်။ 

ကျွန်တော်တို့က နိုင်ငံတော်တာဝန်ရှိသူများ စီမံဆောင်ရွက်ပိုင်ခွင့် ရှိသူများ သိရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများအတွက် လိုအပ်တဲ့ အကူအညီကို လိုအပ်တဲ့အချိန်မှာ အချိန်နဲ့ တပြေးညီ ဆောက်ရွက်ပေးနိုင်စေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကျိုးစီးပွားအတွက် မဟုတ်သလို တာဝန်ရှိသူများအနေနဲ့ စီမံဆောင်ရွက်ပေးရာမှာလည်း ကိုယ့်အိပ်ကပ်ထဲက ထုတ်ပြီး စီမံဆောင်ရွက်ပေးဖို့ အရေးဆိုနေတာ မဟုတ်ပါဘူး။

အကြမ်းဖက်သမားတွေ ရှိနေတယ်။ နယ်မြေလုံခြုံရေးဆောင်ရွက်နေသူတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အကြမ်းဖက်သမားများက အသက်အန္တရာယ် ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေမျိုးမှာ ပူးပေါင်းဆောင်ရွက်ပြီး ဘေးဒုက္ခရောက်နေတဲ့ ပြည်သူများကို ဝိုင်းဝန်းကယ်တင်ကြခြင်း ဖြစ်ပါတယ်။ 

ကျွန်တော်တို့သည် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများကဲ့သို့ သတင်းများကို လုပ်ကြံဖန်တီးရေးသား ဖော်ပြနေကြခြင်းလည်း မဟုတ်ပါဘူး။ ကျင်ဒွေးမှာဖြစ်စေ၊ ဂန့်ဂေါမှာဖြစ်စေ၊ ကလေးမြို့မှာဖြစ်စေ ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြတယ်။ ဖြေရှင်းဆောင်ရွက်ပေးမယ့်သူ မရှိဘူး။ မသိကျိုးကျွန် ပြုနေကြတယ်။ ကာလရှည်ကြာ မသိကျိုးကျွန်ပြုနေတာကတော့ ရည်ရွယ်ချက်ရှိရှိ သေကြောင်းကြံသလိုမျိုး ဖြစ်စေပါတယ်။ ဒီကိစ္စတွေမှာက ဘယ်သူ့မျက်နှာမှ ထောက်ထားစရာ မလိုပါဘူး။ နိုင်ငံရေးရာ စီမံခန့်ခွဲတယ်ဆိုတာ အစိုးရအဆက်ဆက် ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ဆောင်ပေးခဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အများပြည်သူကောင်းကျိုးအတွက် တိုင်းပြည်ဘဏ္ဍာထဲက စီမံခန့်ခွဲပြီး စီစဉ်ဆောင်ရွက်ပေးကြတာပဲ ဖြစ်ပါတယ်။

ကျင်ဒွေးမြို့ ဝန်ထမ်းတွေ၊ မြို့ခံပြည်သူတွေဆိုရင် အထကကျောင်းမှာ ခိုလှုံနေကြရတာ ကာလရှည်ကြာဖြစ်နေပြီ။ မိသားစု ဝမ်းရေးအတွက် အလုပ် လုပ်လို့မရဘူး။ ကာလရှည်ကြာ ဘယ်လိုနေကြမလဲ။ ဧပြီလ ၂၃ ရက်နေ့ကပဲ CDF/PDF အကြမ်းဖက်သမားတွေ က ဒရုန်းနဲ့ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့လို့ ခိုလှုံနေသူ ၃ဦး သေဆုံးပြီး အမျိုးသမီး ၁ဦး၊ အမျိုးသား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

ကျွန်တော် မနက်က သတင်းတင်လိုက်တဲ့အချိန်မှာ ဒေသခံတစ်ဦးက ဖုန်းဆက်လာတယ်။ အကြမ်းဖက်သမား ၁၈ ဦး ရတယ်ဆိုတာ ဒီနေ့ တစ်နေ့တည်း ရတာ မဟုတ်ပါဘူး။ ယခင်က ရခဲ့တာတွေနဲ့ ပေါင်းပြီးမှ ၁၈ ဦးလို့ ပြေတာပါ။ အဲဒီလိုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဒါတွေကို ယှဉ်တွဲဖော်ပြမှ လိုအပ်တာကို တာဝန်ရှိသူများအနေနဲ့ မှန်မှန်ကန်ကန် လုပ်ပေးနိုင်မှာပေါ့လို့ ဆက်သွယ် ပြောဆိုပါတယ်။

တကယ်တော့ တာဝန်ရှိသူတွေဟာ နေစိမ့်ပါတယ်။ ကျင်ဒွေးမှာ မြို့ခံပြည်သူတွေ ကာလရှည်ကြာ ပိတ်မိနေတာကိုလည်း ကူညီဖြေရှင်းပေးခြင်း မရှိပါဘူး။ ဂန့်ဂေါမှာ ပြည်သူ့စစ်ရွာတွေ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်ဆိုလည်း ကူညီဖြေရှင်းပေးတာမျိုး မရှိပါဘူး။ ကလေးမြို့နယ်မှာ ဒေသထွက်ကုန်တွေ တင်ပို့ရောင်းချလို့ မရဘူးဆိုရင်လည်း ကူညီဆောင်ရွက်ပေးတာမျိုး မရှိဘူး။

ယနေ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူများမှာ ကြောက်ရတာတွေ များလွန်းနေတယ်။ အကြောက်တရားနဲ့ အသက်တွေစတေးနေကြရတယ်။ နီပိန်း ပဒက် အကြမ်းဖက်သမားများကို ကြောက်ရသလို တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့လည်းမျိုးစုံဖြစ်နေပါတယ်။ ဒီအထဲမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး အတိဒုက္ခရောက်နေတဲ့ ရဟန်းရှင်လူပြည်သူများကို အချိန်နဲ့တပြေးညီ ကူညီစောင့်ရှောက်ရကောင်းမှန်း မသိတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ လွဲမှားမှုတွေကိုလည်း မပြောဝံ့ကြပါဘူး။

အကြမ်းဖက်ဘေးအန္တရာယ်သင့် ရဟန်းရှင်လူပြည်သူများရဲ့ လိုအပ်ချက်တွေကို တင်ပြတဲ့အခါ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက ဘာကြောင့် မသိကျိုးကျွန်ပြုပြီး နေကြတာလဲ ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကြီးနဲ့ ထောက်ထားပြီး ပြောလို့ရတယ်။

တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ယုတ်မာတာကို ဖော်ထုတ်ပြောဆိုတာ ဖြစ်တဲ့အတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက သူတို့ရဲ့ တာဝန်မဲ့မှုကို ဝန်မခံဘဲ ကျွန်တော့်ကိုသာ ဒုက္ခပေးဖို့ များပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ကို အစအဆုံး ဖတ်ကြည့်လိုက်ရင် တာဝန်ရှိသူတွေ ဘာကြောင့် တာဝန်မဲ့ နေကြသလဲဆိုတာကို သိကြပါလိမ့်မယ်။ ပြည်သူအတွက် အာမခံချက် မရှိတဲ့ ပြဋ္ဌာန်းချက်တွေ ဖွဲ့စည်းပုံမှာ ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)