ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်







နေပြည်တော်၊ ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့ ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အန္တိမဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသား စာပေနှင့်ယာဉ်ကျေးမှု အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများ၊ ရပ်မိရပ်ဖများ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်ဘုရားကြီးများမှ သံဝေဂ သုံး ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ၎င်းနောက်  ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ ဥတုဇ ရုပ်ကလပ်တော် အား စိန်ကတ္တီပါ လွှမ်းခြုံကြပြီးနောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၊ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ပထေရဝါဒသာသနာပြုအဖွဲ့များမှ ပေးပို့သော သံဝေဂ ဉာဏ်ပွားတော်မူကြောင်းသဝဏ်လွှာများကို  သက်ဆိုင်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ဖတ်ကြားပူ‌ဇော်ကြသည်။

ဆက်လက်၍ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိကို ဖတ် ကြားပူဇော်ကြပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများက ပံသုကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော် အနီး သတ်မှတ်နေရာများတွင် တင်လှူပူဇော်ကြပြီး သံဃာတော်များက အနိစ္စာ ဝတသင်္ခါရ အစချီသံဝေဂ သုံး ဂါထာကို ရွတ်ဆို ပွားများ၍ ပံသုကူ သင်္ကန်း အလှူ တော်ခံကာ လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

၎င်းနောက်နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ ဥတုဇ ရုပ် ကလပ်တော်အား လောင်တိုက်တော်ပေါ်သို့ ပင့်ဆောင်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာအစချီသော သံဝေဂဂါထာကိုရွတ်ပွားတော်မူ ကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ တေဇောဓာတ်ဖြင့် မီးပူဇော်ကြကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)