ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဧပြီ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က နေပြည်တော်လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်နှင့် အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု တိုးတက်လာစေရန် မွေးမြူရေးကျေးရွာများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း စဉ်ကွင်းဆက်တစ်လျှောက်တွင် အဆင်ပြေချောမွေ့စေရန်၊ မွေးမြူသူများအတွက် အကောင်းဆုံး အကျိုးအမြတ်ရရှိနိုင်စေရန် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စောင့်ကြည့်လေ့လာသုံးသပ်ခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့က ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာဝန်ခံက နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကဌာနများမှ ကူညီပံ့ပိုးမည့် အစီအစဉ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများက မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် ကန်စွန်းခင်းရွာ မွေးမြူရေးတောင်သူ ဦးမြင့်ထူး၏ အသားစားကြက် ကောင်ရေ ၅၀၀၀ မွေးမြူထားရှိမှု၊ လယ်ဝေးမြို့နယ် ရသေ့တောင်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမျိုးသူရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ ၆၀၀၀ နှင့် အသားတိုးဝက်မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍနှစ်ရပ်မှ ဝင်ငွေတိုးတက်ခံစားရနိုင်မှုအခြေအနေ၊ လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာဖြည့်ဆည်းပေးနိုင်မှုနှင့် တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ်ကို ပီပြင်စွာ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်များစွာ တည်မှီနေသဖြင့်ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)