ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပမှုအား လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပမှုအား လှည့်လည်ကြည့်ရှုအားပေး



မြစ်ကြီးနား ဧပြီ ၇


၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထို့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၇)ဦးတို့က ကဏ္ဍအလိုက် သက်ဆိုင်ရာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေ့းအပ်ခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်းရှိ ကချင်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအင်ဂန်လတောင်၏ ခြံဝင်းအတွင်း DYL အသားတိုးဝက်ကောင်ရေ ၄၀၀ ကျော်ကို ခြံများဖြင့် စနစ်တကျ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ခြံဝင်းအတွင်း ဧက (၇၀)တွင် ငါးကြင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးကြင်းနှင့် တီလားဗီးယား စသည့် ငါးမျိုးများကို စနစ်တကျ မွေးမြူဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တစ်သျှူးငှက်ပျောစိုက်ခင်းများနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များ၊ ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဝက်ခြံများအတွက် ခြံဖျန်းပိုးသတ်ဆေးနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင် (၁/၂)၊ ရွှေညောင်ပင်၊ စန်းကားကျေးရွာများမှ နယ်မြေအခြေအနေအရ ခေတ္တတိမ်း‌ရှောင်လာသော အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၎င်းတို့ ယာယီတည်းခိုနေထိုင်ရာ ဘာသာရေးကျောင်းများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်ချိန်းကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းဝင်းအတွင်း၌ ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဘုရားကျောင်းဝင်းအတွင်း ခန်းမဆောင်၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး‌ ဒေါက်တာတင့်နိုင်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး၊ သမားတော်/အထူးကု ဆရာဝန်ကြီးများ၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များ၏ ကူညီဖြည့်ဆည်းပေးမှုဖြင့် သားဖွားမီးယပ်ရောဂါ၊ ကလေးဖျားနာရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါနှင့် သွားနှင့် ခံတွင်းရောဂါများကို စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘုရားကျောင်းဝင်းအတွင်းနှင့် ကျေးရွာအတွင်း ယာယီတိမ်းရှောင်နေထိုင်ကြသည့် အိမ်ထောင်စုများအား အားပေးစကားပြောကြားပြီး အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွင် ပါဝင်သူများအား ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကာ စခန်းတာဝန်ရှိသူများက နေထိုင်စခန်းများအတွင်း လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့မရပ်ကွက်အတွင်း ဆမားလမ်းဆုံမှ ပြည်ထောင်စုလမ်းဆုံ အထိ အမှတ်(၁) နယ်မြေရဲစခန်းရှေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထို့အတူ ဧပြီ ၅ ရက် ညနေပိုင်းကလည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ နယ်မြေအခြေအနေအရ နေရပ်ကျေးရွာများအား စွန့်ခွာပြီး ခေတ္တတိမ်းရှောင်လာသော မိသားစုများအား ဝိုင်းမော်မြို့၊ အမှတ် (၄)ရပ်ကွက် သာဂရလီဆူနှစ်ခြင်းအသင်းတော်ဘုရားကျောင်း၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် ညောင်ပင်သာကျေးရွာ၊ ပူဆောင်ပန်းခြံအတွင်းရှိ ခန်းမ၌ စန်းကားကျေးရွာမှ နယ်မြေအခြေအနေအရ တိမ်းရှောင်လာသော မိသားစုများနှင့် တွေ့ဆုံအားပေးစကားများ ပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ သွားရောက်အားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ကြပြီး မိသားစုများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး‌ ဒေါက်တာတင့်နိုင်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း အဖွဲ့ဝင်များ၏ ကူညီမှုဖြင့် သားဖွားမီးယပ်ရောဂါ၊ ကလေးဖျားနာရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါနှင့် သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသူများအတွက် ထောက်ပံ့ငွေကျပ် (၂၅)သိန်း ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော မိသားစုဝင်များအား မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)