လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ





နေပြည်တော်၊ ဧပြီ ၄

လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးမင်းသူ၊ ဒေါက်တာ မျိုးသန့်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အကြီးအကဲက ဧပြီ ၂၆ ရက်တွင် တစ်နိုင်ငံလုံးမှ လူရည်ချွန်များအား တွေ့ဆုံမည်ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) ၌ ခမ်းခမ်းနားနားကျင်းပရန် စီစဉ်ထားပြီး ပြပွဲများ၊ ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း။


လူငယ်ကဏ္ဍမြှင့်တင်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက တစိုက်မတ်မတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လူငယ်ရေးရာဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း လူငယ်ရေးရာကိစ္စရပ်များကို တက်တက်ကြွကြွဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် လူရည်ချွန်လူငယ်မောင်မယ်များ တွေ့ဆုံပွဲ၌ ထည့်သွင်းပြသမည့် ပြခန်းများကို လူငယ်များနှင့် ကိုက်ညီပြီး လူငယ်များ စိတ်ဝင်စားနိုင်သည့် ကဏ္ဍများကို ထည့်သွင်းပြသစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက လူရည်ချွန်မောင်မယ်များအား ဗဟုသုတရရှိစေရန် ပြခန်းများ ပြသသွားမည်ဖြစ်ပါကြောင်း၊ ပြခန်းများအား လေ့လာကြည့်ရှုခြင်းဖြင့် အထင်ကရနေရာများကို တစ်နေရာတည်းတွင် အချိန်တိုဖြင့် လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ၏ တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူရည်ချွန် မောင်မယ်များ ဗဟုသုတများ ရရှိစေရေးအတွက် ပြခန်းများကို ဝန်ကြီးဌာန အသီးသီးက ပါဝင်ပြသစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က လူရည်ချွန်မောင်မယ်များအား ပြခန်းများပြသရာတွင် အသိပညာဗဟုသုတဖြစ်ဖွယ် ရှုထောင့်၊ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့် စသည့်အချက်များကို ထည့်သွင်းစဉ်းစား၍ ပြသရမည်ဖြစ်ပါကြောင်း၊ လူရည်ချွန် မောင်မယ်များ လေ့လာကြည့်ရှုချိန်ရအောင် စီစဉ်ပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဆရာကြီး၊ ဆရာမကြီးများ၏ ငယ်ဘဝမှတ်တမ်းများကိုလည်း လေ့လာကြည့်ရှုခြင်းဖြင့် လက်ရှိလူရည်ချွန်များက အားကျအတုယူလိုစိတ် ဖြစ်ပေါ်လာအောင်၊ ကြိုးစားလိုစိတ်များ ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသသွားမည်ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ ဗဟုသုတရရှိရန် ပြခန်းများလည်း စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူရည်ချွန်တစ်ယောက်ဖြစ်ရန် မလွယ်ကူပါကြောင်း၊ ဝန်ကြီးဌာနများတွင် ငယ်စဉ်က လူရည်ချွန်ရရှိခဲ့သည့် ဝန်ထမ်းများကိုပါ ထည့်သွင်းဖော်ပြသင့်သည်ဟု အကြံပြုလိုပါကြောင်း၊ လက်ရှိအစိုးရအနေဖြင့် လူရည်ချွန်များကို တန်ဖိုးထားသည်ကို လူငယ်များနှင့် ပြည်သူများသိရှိအောင် ပြသစေလိုသည့် ရည်ရွယ်ချက် လည်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို လူရည်ချွန်မောင်မယ်များ သိရှိစေရေးအတွက် ပြခန်းထည့်သွင်းပြသသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက လူငယ်များ အထွေထွေဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိ အစီအစဉ်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိအောင်၊ ငြိမ်းချမ်းရေး၏ အနှစ်သာရကို သဘောပေါက်နားလည်အောင် စသဖြင့် ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် လူမွန်၊ ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးမင်းသူ၊ ဒေါက်တာ မျိုးသန့်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇော်အေးမောင်တို့ကနိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များ၊ မော်ကွန်း မှတ်တမ်းများ၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းများ၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးဖော်ဆောင်မှု ပြကွက်များ၊ မြန်မာလူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များနှင့် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများမှ ငယ်စဉ်က လူရည်ချွန်ဖြစ်ခဲ့ သူများအား စုစည်းပြီး ငယ်ဘဝမှတ်တမ်းများ ပြသနိုင်ရေး၊ မဟာသင်္ကြန်ကာလအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လူရည်ချွန်တွေ့ဆုံပွဲတွင် ဖိုရမ်ကျင်းပနိုင်ရေး၊ လူရည်ချွန် မောင်မယ်များ တွေ့ဆုံပွဲ ဖျော်ဖြေရေးကဏ္ဍတွင် တေးသရုပ်ဖော်နှင့် တေးသီချင်းများ ဆောင်ရွက်ထားရှိမှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများ၊ သစ်တောသစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိပညာရရှိရေးဆိုင်ရာများ ထည့်သွင်းပြသနိုင်ရေး ဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာသူများက လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)