စစ်တွေ ဧပြီ ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှလူသုံး ကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီး၊ ၁၈ မိုင်တောရဆရာတော် ဒေါက်တာ အရှင်စင်္ကြာဝဠာ(ဣန္ဒသာရ)အား ဖူးမြော်ကြကာ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ ဝိပဿနာအလုပ်ပေးတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် ရွှေသိင်္ဂီ၊ တော်ဝင်သီရိ၊ အောင်ရတနာ၊ ရွှေလမင်းနှင့် အောင်ရတနာသီရိသင်္ဘောများ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာသော စားသောက်ကုန်များပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်းရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment