ကျောက်ဆည်မြို့နယ်အတွင်း ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးနေမှုများကို ပဲခူးတိုင်းဒေသကြီးနှင့် ငါန်းဇွန်၊ တံတားဦးမြို့နယ် ဆီထွက်သီးနှံဇုံများမှ တောင်သူများလာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်အတွင်း ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးနေမှုများကို ပဲခူးတိုင်းဒေသကြီးနှင့် ငါန်းဇွန်၊ တံတားဦးမြို့နယ် ဆီထွက်သီးနှံဇုံများမှ တောင်သူများလာရောက်လေ့လာ




ကျောက်ဆည်   ဧပြီ  ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်မြောင်းချောင်းကန် ပေါများသည့်အတွက် ဆန်စပါးအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံသီးနှံများ မျှော်မှန်းအထွက်နှုန်း ရရှိရေး စီမံကိန်းများရေးဆွဲပြီး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နွေနှမ်းသီးနှံကို (၃၀၅၄၂) ဧက လျာထားပြီး စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျားကာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၂) တောင်သူဦးကျော်မြင့် စိုက်ပျိုးနေသည့်  ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများအား ပဲခူးတိုင်းဒေသကြီးနှင့် ငါန်းဇွန်၊ တံတားဦးမြို့နယ် ဆီထွက်သီးနှံဇုံများမှ တောင်သူများလာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းရှိ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်း၊ ဒါန်းတိုင်၊ ပန်းခွာ၊ ရွှေအင်း၊ စပယ်တော၊ လေးဆယ်ကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းသီးနှံများ စိုက်ပျိုးမည်ဆိုပါက မြေအနေထားပေါ် မူတည်၍ (၃)ပေ၊ (၄)ပေအကျယ် မြေဘောင်များပြုလုပ်ပြီး မျိုးစေ့ချကိရိယာဖြင့် စနစ်တကျစိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုသက်သာကြောင်း၊ ရေသွင်းရေထုတ်လွယ်ကူသဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကာ အထွက်နှုန်းသေချာပြီး (၁)ဧကနှမ်းအတင်း(၂၈)တင်းမှ (၃၂)တင်းအထိထွက်ရှိကြောင်း နှမ်းစိုက်တောင်သူများ ပြောပြ၍ သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့် (၁၁၇၂)ဧက၊ သင်းတွဲမြောင်းရေဖြင့် (၁၁၆၃)ဧက၊ နွားတက်မြောင်းရေဖြင့် (၂၂၂၃)ဧက၊ စုစုပေါင်း(၄၅၅၈)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၀၁၉)ဧကစိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)