ပွင့်ဖြူမြို့နယ် ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ



ပွင့်ဖြူ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာသဖြင့် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကိုသာ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ဖူးစားပြောင်း ၊ နှံစားပြောင်း ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ စားတော်ပဲ စသည့်သီးနှံများအပြင် ဟင်းသီးဟင်းရွက်သီးနှံများနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက သီးနှံဝင်ငွေ တိုးပွားရေးအတွက် မြေအောက်ရေဖြင့် ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ယခုရက်ပိုင်း ဖီးကြမ်းငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာတယ်ဗျ။ ကျွန်တော်တို့ ဒေသကစိုက်ပျိုးရေ အဆင်ပြေတော့ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေးအတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို အခြားစိုက်ပျိုးရေး လုပ်ငန်းနဲ့တွဲဖက်ပြီး လုပ်ကိုင်ကြတယ်။ အဓိကစိုက်ပျိုးတဲ့ ငှက်ပျောက ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျောနဲ့ သီးမွှေးငှက်ပျောတို့ ဖြစ်ပါတယ်။ တစ်ချို့တောင်သူတွေက ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောပျိုးပင်များကိုလည်း ပျိုးထောင်ရောင်းချကြတယ်။ ငှက်ပျောသီးနှံများထဲမှာ ဖီးကြမ်းငှက်ပျောက လူကြိုက်များတော့ ပိုပြီးအရောင်းသွက်တယ်။ ပြီးခဲ့တဲ့လတွေက ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၁၂၀၀ ၊ ၁၃၀၀ ဈေးနဲ့ ရောင်းချရတယ်။ ခုရက်ပိုင်းမှာတော့ တစ်ဖီးကို ငွေကျပ် ၁၇၀၀ အထိ ရောင်းချနေရတယ်။ ဖီးကြမ်းငှက်ပျောဈေးကောင်းရရှိတဲ့အတွက် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ အချို့တောင်သူများက ငှက်ပျောသီးရောင်းချခြင်းအပြင် ငှက်ပျောပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် နှစ်သီးစားဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။   


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)