ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်သူများထံမှ တံစိုးလက်ဆောင်ရယူခြင်းအပါအဝင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်းများသည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်သူများထံမှ တံစိုးလက်ဆောင်ရယူခြင်းအပါအဝင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်းများသည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား


ရန်ကုန်၊ ဧပြီ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူ ၄၈၆ ဦး တက်ရောက်သည်။


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်က ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်သူများထံမှ တံစိုးလက်ဆောင်ရယူခြင်းအပါအဝင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုးကောင်းစားရေး ဝါဒကျင့်သုံးခြင်း၊ မိမိနှင့် နီးစပ်သူများကောင်းစားရေးအတွက် ဆောင်ရွက်ခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပြဿနာသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် Global Issue ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနှင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း။


အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များကို အများပြည်သူ အကျိုးရှိစေမည့် လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲခြင်းကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများဖြစ်လာသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်တွင် “သန့်ရှင်းသော အစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာ စေရန်”ဟု ပြဋ္ဌာန်းထားသည့်အတွက် သန့်ရှင်းသော အစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အဓိကမောင်းနှင်အားဖြစ်သော နိုင်ငံ့ဝန်ထမ်းများက အများပြည်သူဝန်ဆောင်မှု ပေးရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘဝတစ်သက်တာ အကျိုးရှိစေမည့် ရှင်းလင်းဆွေးနွေးချက်များကို သိရှိမှတ်သားကြ၍ မိမိတို့ ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းတွင် ပြန်လည်မျှဝေပေးကြရန် တိုက်တွန်း ပြောကြားသည်။


ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စား မှု၏ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာ စိုးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှု နှင့်ကျင့်ဝတ်စံနှုန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)