ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၀)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၀)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပူဇော်



စစ်တွေ ၊  ဧပြီ ၁၈


(၆၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၆-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ခိုင်သဇင်ခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များနှင့် အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။


ရှေးဦးစွာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က သက်ကြီး အဘိုး၊ အဘွားများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းငွေကျပ် ၃၅၇ သိန်း အား လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက အဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့များက သက်ကြီးအဘိုး၊ အဘွားများအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။


ယင်းနောက် အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့စကား ပြောကြားသည်။ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ယနေ့ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး၊ အဘွား ၁၀၈ ဦးကို ပူဇော်ကြပြီး ရပ်ကွက်အသီးသီးရှိ အဘိုးအဘွားများကို လည်းလှည့်လည်ပူဇော်သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီက အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများ စုစုပေါင်း ၇၁၄ ဦးကို ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်ကြီးအားဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မာဝါစာတရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။


ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂ မဟာဂန္တဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)