ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၅) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၅)



"လူလေးဘဒွေးက၊ စစ်ဖြစ်ရတဲ့အကြောင်းကိုရော မပြောလိုက်ဘူးလား"

သားက သဲဖြူချောင်းတရိုးကရွာတွေမှာ အိုးစားဖက်ရှာခဲ့သည်မှာတပတ်လုံး။ နေပြည်တော်ကတော့ တပ်တော်မစု။ သားတို့ကသာ ကိုယ့်သဘောနှင့်ကိုယ်၊ စစ်ထွက်လျှင် စစ်မြေပြင်ပါဖို့ အဝကိုဆက်သွယ်ထားခြင်း။ သားဘဒွေးကိုကောင်းမြက အဝရွှေမြို့တော်ကစောင့်ကြိုနေမည်။

/ ပြောလိုက်တာပေါ့အမေရယ်။မနှစ် ၂၇ ခုကပေါ့ အမေရဲ့။ တရုတ်ကုန်သည် 'လောလီ' က ဗန်းမော်မြို့ ဝန်ကို တာပိန်မြစ်ကူးတံတားဆောက်ဖို့ ခွင့်တောင်းတယ်တဲ့။ ဗန်းမော်အထက်ပိုင်း နဘားရွာမြောက်ဘက် လို့ဘဒွေးကပြောတယ်အမေ /**

"မြို့ဝန်က ခွင့်ပေးလို့မရဘူးလေ"

 / မြို့ဝန်က ဘုရင့်အမိန့်တောင်းခံပြီးမှခွင့်ပြုနိုင်မယ် ပြောတာပေါ့ /

"မှန်တယ်ကွဲ့။ ဒီလိုကိစ္စမျိုးကဘုရင်ကသာဆုံးဖြတ်ရတာ"

 / အဲဒါ၊လောလီ ကမြို့ဝန်ကို မချေမငံပြောလို့ ဖမ်းပြီး  အဝ ရွှေမြို့တော်ပို့လိုက်တယ် /

" နေပြည်တော်က ဘယ်လိုဆောင်ရွက်လဲ "

 / စစ်ဆေးမေးမြန်းပြီး ဗန်းမော်ကို ပြန်လွှတ်လိုက်တာပေါ့။ အဲဒါပြန်ရောက်တော့ သူ့အထည်အလိပ်တွေ ပျောက်လို့ဆိုပြီး ဝန်ကဲ စစ်ကဲတွေကိုအစီရင်ခံတယ်တဲ့ /

" တကယ်ပဲ သူ့ကုန်စည်တွေပျောက်သလား "

/ ဒါအမှုရှာတာပေါ့အမေရာ။ဝန်ကဲ စစ်ကဲတွေက မင်းကုန်စည်တွေကို မင်းတို့ တရုတ်တွေပဲစောင့်တာ၊ အဲဒီ တရုတ်တွေကိုပဲစစ်မေးလို့ပြောတာပေါ့ /**

" ရှင်းနေတာပါပဲသားရယ် "

/ ရှုတ်တာက လောလီအမေရဲ့။ အဲဒါလျော်ကြေးမရလို့ဆိုပြီး မကျေနပ်တော့ 'မိုင်းဆည်စုံးတူ' ကို တိုင်ကြားသတဲ့ /**

" မိုင်းဆည်စုံးတူ ဆိုတာ"

/ ယူနန်ဘုရင်ခံပါအမေ /

" ဒါအမေတို့တိုင်းပြည်မှာ ဖြစ်တာပဲ "

/ နောက်တခုလည်းရှိသေးတယ်အမေ။ကျိုင်းတုံမှာဖြစ်တာ။ တရုတ်ကုန်သည် 'လောတာရဲ' ရဲ့ လူတွေနဲ့မြန်မာတိုင်းရင်းသားတွေရန်ဖြစ်ကြတယ်။ အကြွေးကိစ္စပေါ့။ကျိုင်းတုံမြောက်ဖက် ကွတ်သွား ဈေးကြီးမှာလောတာရဲ ရဲ့ကုန်တွေရောင်းတော့မြန်မာတွေက အကြွေးယူပြီးမပေးလို့တဲ့။အဲဒီအကြွေးကိစ္စနဲ့ ရန် ဖြစ်တာ တရုတ်တယောက်သေသွားတယ်။ လောတာရဲက သေတဲ့တရုတ်အစား လူစားပေးရမယ်လို့ တောင်းတယ် /^

" ဒါထုံးစံမှ မဟုတ်တာ "

/ဒါ့ကြောင့်မြန်မာစစ်ကဲတွေက မြန်မာ့ထုံးစံအတိုင်း အသက်ဖိုးလျော်ကြေးငွေပဲပေးတာကို မကျေနပ်ဘူး။ မကျေနပ်တာကို လောတာရဲက မိုင်းဆည်စုံးတူထံတိုင်ပြန်ရော။အဲဒီ ၂ ချက်က လောလောဆယ်စစ်ဖြစ်ရတဲ့ အကြောင်းရင်းပေါ့။ အရင်းခံအကြောင်းတရားတွေလည်း ဘဒွေးက ပြောလိုက်သေးတယ်အမေ /

"အမေသိချင်တယ်သား "

/ သိန္နီ၊ ဗန်းမော်၊ ကျိုင်းတုံ စော်ဘွားတွေကို ရာထူးက နုတ်သိမ်းခဲ့လို့ သူတို့ကယူနန်မှာ သွားခိုလှုံတယ်။ ယူနန်ဘုရင်ခံကလည်း 'မင်းတို့နယ်တွေပြန်ရစေမယ်' ဆိုပြီး သူတို့ဧကရာဇ် ချင်းလုံ(Qianlong)ထံ မြန်မာတွေက နယ်စပ်ဒေသတွေ ကျူးကျော်ကြောင်း တင်ပြလျှောက်ထားတယ်တဲ့၊ အမေရဲ့။ အဲဒီသူကလည်း မိုင်းဆည်စုံး တူပဲ /

"အင်း၊ အင်း "

 / နောက်တခုက အလောင်းမင်းတရားကြီး နှိမ်နင်းလို့ ထွက်ပြေးသွားတဲ့ ကွေ့ တွေနယ်စပ်မှာထကြွသောင်း ကျန်းတာလည်း ပါနိုင်တယ်လို့ ဘဒွေးကပြောတယ် အမေ /**

" တရုတ်နိုင်ငံ အင်အားကြီးတာကို အမေတို့သိပါတယ်သား။ ဒါပေမယ့် မြန်မာတွေဟာ သူတို့လက်အောက်ခံမှ မဟုတ်တာ။ ဘယ်တုန်းကမှ မဟုတ်ခဲ့တာသား။ ရှေးမင်းစဉ်မင်းဆက် အဆက်ဆက်ကတိုင် ခုထိ အမေတို့ တိုင်းနိုင်ငံဟာ အဝန်းပင်ငယ်ငြား အရွယ်အစားကြီးမားတဲ့ တရုတ်ပြည်ကို တန်းတူရည်တူ နိုင်ငံအဖြစ်ပဲ သဘောထားတာပါ "

/ ဘဒွေးပြောသေးတာက၊ နယ်စပ်ကလူတွေဆိုတာ မြန်မာနှစ်သက်တဲ့လူ၊ တရုတ်နှစ်သက်တဲ့လူ လို့ ရှိကြတယ်တဲ့။ ၂ နိုင်ငံလုံးသစ္စာခံတဲ့လူတွေလည်းရှိသတဲ့ အမေရဲ့။ ၂ နိုင်ငံကြားရပ်နေပြီး ဖြစ်လာတဲ့အခြေအနေအရ အခွန်ရှောင်ဖို့လုပ်တတ်သတဲ့။ ဒါ ကျိုင်းတုံမြောက်ဖက် သံလွင်မြစ်အရှေ့ဖက် ကျိုင်းရုံးကြီးနယ်မှာ ဖြစ်တတ်တာလို့ ဘဒွေးကပြောတယ်။ ၂၇ ခုက မြန်မာစစ်ကဲကြီးတိမ်ကြားမင်းခေါင် သံလွင်မြစ်အရှေ့ဖက် အခွန်ကောက်ထွက်တာ၊၂၆ ခုက ဇင်းမယ်ကိုမြန်မာတပ်ချီတော့ တရုတ်ပြည်နယ်စပ်နား ကျိုင်းရုံးကြီးဖက်ကဖြတ်သန်းတာ တရုတ်တွေ က ကြိုက်ဟန်မတူဘူးတဲ့ /**

"အဲဒီအရင်းခံ အကြောင်းတရားတွေရယ်၊ စောစောက သားပြောတဲ့ လောလီ နဲ့ လောတာရဲတို့ရဲ့ လတ်တလောအကြောင်း ၂ ခုကြောင့်ရယ် စစ်ဖြစ်ရတယ်လို့ ဆိုရမှာပေါ့ "

/ဟုတ်တယ်အမေ၊ မန်ချူးတရုတ်တွေစကျူးကျော်ခဲ့တာ။ ဒါပေမယ့်တရုတ်ဗိုလ်မှူးရည်တာလောရဲအပါ တရုတ်စစ်သည် တသောင်းကျော်ကျပြီး၊ တပ်ရုပ်ပြေးရတယ် အမေ။ ပြီးတော့ယူနန်ဘုရင်ခံလည်း သူ့ကိုယ်သူ သတ်သေသွားသတဲ့ /**

" သူတို့တရုတ်ဘုရင် အမျက်တော်ရှမှာကြောက်လို့ ရှိမှာပေါ့ "

/ ဟုတ်တယ်အမေ၊ သူကိုယ်တိုင်ကျိုင်းတုံကို စစ်ချီဖို့ ဧကရာဇ်ချင်းလုံကိုလျှောက်ခဲ့တာလေ။ ဒီတော့အပစ်ပေးမှာသိတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာပေါ့။ အခုယူနန်ဘုရင်ခံက 'ရန်ရင်ချူး' တဲ့။ စစ်ပွဲများစွာ အောင်မြင်ခဲ့တဲ့ တရုတ်စစ်သူကြီးတဲ့၊ အမေ /**

"  သူလည်းကျူးကျော်လာဦးမှာပဲသား "

/ ဘဒွေးကလည်း အမေလိုပဲ ပြောတယ်။ ဒီအရေးကိစ္စရှိရတဲ့အထဲ၊ ဇင်းမယ် မငြိမ်သက်လို့ ဝန်ကြီးမဟာသီဟသူရကို ဦးဆောင်စေပြီး သူရဲ ၂ သောင်းနဲ့ စစ်ချီသွားနေတယ်အမေရဲ့ /*

" ယိုးဒယားအရေးကလည်း မပြီးသေးဘူးနော်၊ သား "

 / အရေးတော်သာတယ်လို့ ကြားပါတယ်အမေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ဒီချိန်ခါမှာ သားတို့ကို နိုင်ငံတော်ကြီးက လိုနေပြီ အမေ /

"ဟုတ်တာပေါ့သားရယ်။ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို မှီခိုရတဲ့သူတွေအားလုံး ဒီမြေရဲ့ကျေးဇူးက မြင့်မိုရ်တောင်ဦးမကပဲသား။ အခုအရေးက အားလုံးအရေးပေါ့။ အမေနားလည်ပြီးသားပါ။ ထိပါးကျူးကျော်သူတွေနဲ့ ဘာသာ သာသနာ စော်ကားသူတွေမှန်သမျှ နိုင်ငံအတွက် ပြန်လည်တွန်းလှန်ရမှာပေါ့ "

/ ဟုတ်တယ်နော်အမေ။ အမေပြောသလိုပဲ အဖေတို့၊ ဘဒွေးတို့ကော ရှေးခေတ်ရဲမက် တပ်တော်သားတွေပါ အလောင်းမင်းတရားကြီး နိုင်ငံကိုပြန်လည် စုစည်းရတုန်းက ဇနီးမယား သမီးသားတွေကိုပစ်ပြီး တာဝန်ကျေခဲ့ကြသူတွေပဲနော် အမေ "/

" တကယ်တော့သားရယ်၊ အလောင်းမင်းတရားကြီးရဲ့ ပြည်ထောင်ဘက်တွေဆိုတာ တောင်သူလယ်သမားတွေချည်းပါ။ မင်းတရားကြီးကိုယ်တော်တိုင် ဘုရင့်သား၊ ဘုရင့်သွေးမဟုတ်ပါဘူး။ အဝနေပြည်တော်နဲ့ ဆယ်ယူဇနာမက ကွာလှမ်းလှတဲ့ မုဆိုးဘိုရွာသူကြီးရဲ့သား။ သူ့သွေးသောက်ရဲဘော်တွေဟာ ကျေးလက်ဇနပုဒ်နေ တောင်သူလယ်လုပ် ဓားမခုတ်တွေပါသား။ သားအဖေတို့ဆိုတာလည်း စစ်မျိုးစစ်နွယ် မဟုတ်ကြပါဘူး။ တိုင်းပြည်အေးချမ်းငြိမ်သက်တဲ့အခါ သူတို့ရဲ့ တံစဉ်၊ ဓား၊ ပေါက်ပြား၊ ခက်ရင်းတွေနဲ့ တောတောင်ကို ရှင်းလင်း ယာ လယ်တလင်းမှာ ကောက်ပဲသီးနှံ ပြည့်လျှံဖြိုးအောင် အကျိုးဆောင်ကြတဲ့ လယ်ယာသမားတွေပါ။ အေး။ တိုင်းရေးပြည်ရေး ကိစ္စပေါ်လာတော့ ပေါက်ပြား ပုဆိန် ဓား တွေကို တိုင်းပြည့်ရန်သူတွေကို ရှင်းလင်းသုတ်သင်ဖို့ လက်နက်အဖြစ်စွဲကိုင် ကိုယ့်နိုင်ငံအတွက် စစ်သည်ရဲမက်တော်တွေဖြစ်သွားကြတာ။ ဒါဟာ အခု ကုန်းဘောင်ခေတ်မှ မဟုတ်ဘူး။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်တွေ ကတည်းကပါသား။ အမေတို့လူမျိုးမှာ ရဲရင့်တဲ့  နှလုံးသား၊ အရှုံးမပေးတဲ့စိတ်ဓာတ်၊ သွေးမကြောင်တဲ့ အသည်း ရှိနေသမျှ အမေတို့၊ သားတို့ နိုင်ငံနဲ့လူမျိုး ကျက်သရေတိုးနေမှာပါသား "


သည်စကားတွေ ဘဝပေးအသိအရ အမေတုတ်ရင်ထဲက ထွက်လာခြင်းဖြစ်သည်။ အမေတုတ်သည် ညောင်ရမ်း ခေတ်ပျက်ကြီးမှာ မွေးဖွားပြီး သည်ခေတ်ပျက်ကြီးမှာ သက်ပြင်းတချချ သက်မတပင့်ပင့်နှင့် ကြီးပြင်းဖြတ်သန်းခဲ့ရသည်။ ညောင်ရမ်းမင်းဆယ်ဆက်တွင် စတင်တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးနှင့် သားတော်၂ပါးဖြစ်သည့် အနောက်ဘက်လွန်မင်းနှင့်သာလွန်မင်း တို့ထိသာ တိုင်းသားပြည်သူတို့ကော တိုင်းနိုင်ငံပါ ဂုဏ်ကျက်သရေ ပြည့်ဝစွာလှပခဲ့သည်။ မင်းတရားကြီးဘုရင့်နောင်၏ အရှိန်အဝါကော သားတော်ညောင်ရမ်းမင်းနှင့် မြေးတော် အနောက်ဘက်လွန်မင်းနှင့် သာလွန်မင်း၂ပါး၏စွမ်းရည် တို့ကြောင့်ပါ တိုင်းနိုင်ငံကို ထိပါးဝံ့သည့်အိမ်နီးချင်း နိုင်ငံတို့မရှိ။

အနောက်ဘက်လွန်မင်းလက်ထက်၌ သံလျင်ကိုသိမ်းပိုက်ထားသော ပေါ်တူဂီ ငဇင်ကာသည် မြန်မာ့တနိုင်ငံလုံးကို သိမ်းပိုက်ဖို့စီမံခဲ့သည်။ သံလျင်ကို သိမ်းပိုက်ထားစဉ်အတွင်း ဗုဒ္ဓသာသနာကိုဖျက်ဆီးသည်။ ငဇင်ကာလွှမ်းမိုးထားသည့် မွန်တို့ဌာန ရာမညနယ်တွင်အလှူအတန်းလုပ်လိုသူတို့ ထင်ထင်ပေါ်ပေါ်မလှူတန်းဝံ့။ သံဃာတော်တို့ထင်ထင်ရှားရှားမနေဝံ့။ ငဇင်ကာထိန်းချုပ်နယ်မှ မွန်၊ ဗမာ မြန်မာတိုင်းရင်းသားဘုန်းကြီးတို့မှာ ဗရင်ဂျီဘာသာကို လိုက်နာပါတော့မည်ဆို၍ အရက်သောက်ခြင်း၊ သိုးဦးထုပ်ဆောင်းခြင်းများကိုပြုခဲ့ရသည်။ ငဇင်ကာသည် ဗုဒ္ဓဘာသာ အဆောက်အဦများအားလုံး ဖျက်ဆီးသည့်ပြင် စေတီများတွင်ဌာပနာထားသည့် ရွှေ၊ ငွေဆင်းတုတော်၊ ရတနာပစ္စည်းများယူသည်။ ခေါင်းလောင်း၊ ကြေးစည်၊ သံထီး၊ သံတံခွန်များယူ၍ ရောင်းချသည်။ကြေးများကို အရည်ကျိုအမြောက်လက် နက်သွန်းထုသည် *။ ၉၆၅ခုတွင် တောင်ငူမင်းနှင့် ရခိုင်မင်းတို့ ငဇင်ကာကို နှိမ်နင်းခဲ့ရာ မအောင်မြင်၍ ငဇင်ကာမာန်တက်ခဲ့သည်။ ၉၇၄ခု၌အနောက်ဖက်လွန်မင်းသည် ငဇင်ကာ၏ နယ်ပယ်ချဲ့ထွင်လာမှုကို တွန်းလှန်နိုင်၍ ငဇင်ကာရော ငဇင်ကာနှင့်ပူးပေါင်းခဲ့သည့် ဘာသာအပေါ်နှင့် နိုင်ငံလူမျိုးအပေါ်ပါ သစ္စာမတည်ခဲ့သည့် နတ်ရှင်နောင်ကိုပါကွပ်မျက်စေခဲ့သည် * ။ ဘေးလောင်းတော်ဘိုးလောင်းတော် ဖခမည်းတော်တို့ ရေးထိုးခဲ့သောဂုဏ်သိက္ခာတို့ကို အနောက်ဖက်လွန်မင်းနှင့် သာလွန်မင်းတို့က မညှိုးနွမ်းအောင် စွမ်းဆောင်နိုင်ခဲ့သည်။

သို့ငြားပင်းတလဲမင်းလက်ထက်မှစ လျော့ပါးလာသည်။ ဟံသာဝတီပါမင်းခေတ်တွင် အင်းဝပါပျက်သုဉ်း၍ တိုင်းသူပြည်သားတို့ စစ်ဒဏ်ခံရသည်။ ပင်းတလဲမင်းခေတ်ကိုမမီငြား ပင်းတလဲမင်းခေတ် ပြည်သူတွေကြုံတွေ့ရ သည့်ဒုက္ခမျိုးကို ဟံသာဝတီပါမင်းလက်ထက်မှာ အမေတုတ်တို့လည်း ထပ်တူခံစားရသည်။ ဟံသာဝတီပါမင်း ၁၆ နှစ်သားမှာနန်းရသည်။ အသက်ငယ်ငယ် အမြော်အမြင်နည်းပါးချိန်၊ သူ့အားအကြံပေးမှူးမတ်တို့ကညံ့ဖျင်းသောအခါ တိုင်းနိုင်ငံအဖက်ဖက်က ချို့ယွင်းသည်။ အနောက်ကသည်းတို့ ကျူးကျော်မှုကိုလည်း မဟန့်တားနိုင်သလို အရှေ့နှင့်မြောက်တခွင်က၊ မငြိမ်သက်မှုတွေကိုလည်းမထိန်းနိုင်။ တောင်ဘက်ဟံသာဝတီအားပြိုင်လာသည်ကိုတော့ မယှဉ်နိုင်သည့် အဆုံးအသက် ၃၅နှစ်အရွယ်မှာ ဟံသာဝတီပါတော်မူရသည်။ ရာဇဝင်မှာ ညံ့ဖျင်းမင်းတပါးအဖြစ် သမိုင်းတင်ရတော့သည်။ မဟာဓမ္မရာဇာကိုဆောင်ယူသွားသော

ဟံသာဝတီသားတို့သည်လည်း ရာဇာဓိရာဇ်ဧကရာဇ်လို၊ ရှင်စောပုဘုရင်မလို၊ ဓမ္မစေတီမင်းလို ဟံသာဝတီခေတ်ကိုမထူထောင်နိုင်။ ပြည်ထောင်စုကို ခိုင်မာအောင်မပြုနိုင်။ ပြည်ထောင်စုကို ညီညွတ်အောင် ခေါင်းဆောင်နိုင်သော မင်းအုပ်ချုပ်သူမရှိသောအခါ ဒုက္ခမျိုးစုံခါးစည်းခံရသည်က တိုင်းနိုင်ငံသားတွေ။ တိုင်းရင်းသားညီအစ်ကိုပြည်သူတွေ စိတ်ဝမ်းကွဲ၍ဖြစ်သည့် စစ်မက်မဟုတ်။ ပဒေသရာဇ်အာဏာပလ္လင်လုဘက်တို့ တိုက်ခိုက်သည့်စစ်မှာ သူ့ဘက်သားတို့နှိပ်စက်မှုကိုခံရသလို တောကြောင်လူဆိုးသူခိုးတို့ဒဏ်လည်းခံရသည်။ မတရားမှုကျူးလွန်သူတွေကို ကာကွယ်အရေးယူပေးရမည့် မင်းမှုထမ်းတွေကိုယ်တိုင် မလုံမခြုံဖြစ်နေတော့ ပြည်သူက အားကိုးတကြီးတိုင်တန်းလာလည်း မတရားမှုတို့ကိုလိုက်လံဖြေရှင်းမပေးနိုင်။

အားကိုးအားထားဖြစ်ရမည့် မင်းလုပ်အုပ်ချုပ်သူက တိုင်းသူပြည်သားတို့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးသည့်အခါ ပထမကိုယ့်ဘဝ ရှင်သန်ရေးအတွက် အားမွေးရသည်။ နောက်ဦးဆောင်ကောင်းကို ရှာကာ နိုင်ငံပြန်လည် ထူထောင်ရေးဝင်ပါရတော့သည်။ အမေငွေတုတ်တို့ မုဆိုးဘိုရွာသို့ပြေးကာ ခင်ပွန်းသည် နှင့်မတ်တော်မောင်ရော၊ မောင်ကြီးတို့ပါ ဦးအောင်ဇေယျတည်ထောင် တပ်တော်ကြီးမှာ သွေးသောက်ရာထူးတွေရခဲ့ကြသည်။ အမေတုတ်နှင့် ယောက်မ မယ်ရွှေသစ် တို့ကကိုယ့်သားနန္ဒ၊ သူ့သားရူပနှင့် မိဘမဲ့သဲအုံတို့ကို ထိန်းကျောင်းရင်းယောက်ကျားတွေ ဓားသွေးနိုင်ဖို့ မိန်းမတွေကအားမွေးပေးရသည်။ မွေးတနေ့ သေတနေ့ပဲ။ သက်ဦးဆံပိုင်ပဒေသရာဇ်မင်းတွေ ရာဇာပလ္လင်လုစဉ် ကိုယ်ဝင်ပါစရာမလိုပေသည့် နိုင်ငံပြန်လည်တည့်မတ်နိုင်ရေး အသက်ပေးရမည်ဆိုလည်း ပေးရမည့်စိတ်ထားခင်ပွန်းသည်တို့ ခံယူထားသည်ကို အမေတုတ်တို့မိန်းမ သားတွေကလည်း တစိတ်တဝမ်းတည်းထားခဲ့ကြသည်။

အမေတုတ်တို့အဖို့ ရွံမုန်းစရာကိုယ့်သွေးသားချင်း ခင်းသည့်စစ်ကိုကြုံခဲ့သည်။ သည်အော့နှလုံးနာစရာ စစ်ပြီးဖို့ပဲလင်သားမောင်ဘွားတူ သားတွေစစ်တိုက်ရတာကို နားလည်ရသည်။ စစ်ကြောင့်ကျရသည့် မျက်ရည်ကို အားတင်းဖယ်ထုတ်တတ်ခဲ့ရသည်။ အချင်းချင်းတွေ ဖေးမအားပေးရသလို ကိုယ့်ဘာသာကိုယ်လည်းဖြေရင်းတင်း၊ တင်းရင်းဖြေရသည်။ သူငယ် ချင်း နှင်းပွင့်ဆိုလျှင်ခင်ပွန်းနှင့်သား စစ်မြေပြင်မှာကျဆုံးခဲ့ရသည်။ အမေတုတ်ကိုယ်တိုင်လည်း ခင်ပွန်းနှင့် မောင်ကြီး ဆုံးရှုံးခဲ့ရသည်။ နှင်းပွင့်သည်နာမည်လေး နုသလောက်စိတ်ဓာတ်ရင့်ကျက်သည်။ သူ့စကားတွေကိုမမေ့။

" ငွေတုတ်ရယ် တို့ယောကျာ်းနဲ့တို့သား တို့မောင်ဘွားတွေ တို့များမြေးမြစ် တို့ချစ်တဲ့မြေအတွက်အသက်ပေး သွားတာ ကျေနပ်စရာပါအေ။ လွမ်းဆွေးရတာ ဓမ္မတာဖြစ်ပေမယ့် စစ်ထွက်လို့သေရပါသကောလို့တော့ မကျေမနပ်မဖြစ်ပါနဲ့။ တိုင်းနိုင်ငံပြန်လည်သာယာဖို့ ဘဝကိုရော အသက်ကိုပါ စွန့်သွားတဲ့တို့များခင်ပွန်း၊ မောင်ဘွား၊ တူ၊ သား တွေ တမလွန်ကဂုဏ်ယူနိုင်အောင် ဝမ်းနည်းစိတ်ကိုမျိုသိပ် ဂုဏ်ယူစိတ်ကိုအများမြင်အောင် ပြရမယ် ရှင်ငွေတုတ်  "

အမေတုတ်တို့ မိန်းမသားတွေလည်း ဘဝပေးအသိကြောင့် ရင့်ကျက်လာရသည်။ အစကတော့ ၅၂၈ နှင့် ၁၅၀၀ မေတ္တာအချစ်များ၊ သံယောဇင်ကြိုးများနှင့် မောင်ဘွား၊ တူ၊ သား၊ ခင်ပွန်းတို့အား ချည်ထားသည်။ သည်မှ နိုင်ငံအရေးကြုံအလာမှာ အချစ်ဆိုတာ ၅၂၈၊ ၁၅၀၀ တို့ထက် ပိုချစ်ရမည့်အချစ်ရှိပါလား ဆိုသည်ကို လက်တွေ့အသိက သင်ပေးလိုက်သည်။ သည်အခါ ၅၂၈၊ ၁၅၀၀ မေတ္တာနှောင်ကြိုးကို ကိုယ်တိုင်ဖြေလျော့နိုင်သည့် သတ္တိရှိလာသည်။ ခိုင်မာမြဲမြံစွာချည်နှောင်ရမည့် အချစ်ကြိုးတချောင်းတည်းက တိုင်းနိုင်ငံကိုသာ ချစ်ရမည့်အချစ်။ နိုင်ငံတော်ပြည်အရေး သာယာရေးအတွက် မိဘ၊ သမီးသား၊ ဇနီးမယားတို့ကို တွယ်တာနေသည့် သံယောဇင်ကြိုးကို သား၊ ဖခင်၊ ခင်ပွန်းလင်တို့က ဖြည်ဖြုတ်ခြင်းကို မိန်းမသားတို့ကလည်း ဖြေလျော့ရမည်ကို ဘဝကသင်ပြလာသည်။ သည့်အတွက်သားကို စစ်သည်ရဲမက်ဇနီးခံစားချက်တွေ အလိုလို ပွင့်အံထွက်လိုက်ခြင်း ဖြစ်သည်။

   

အမေ့စကားတွေ နန္ဒကြားရသောအခါ မှင်သက်မိခြင်းဖြစ်ရသည်။ သည်မှ -

 /သြော်၊ အမေရယ်၊ ဒါ့ကြောင့်လည်းအဖေ့ဇနီးပီသခဲ့တာပဲ /

" မဟုတ်ပါဘူးသား။ မဟုတ်ပါဘူး။ အမေ မှ မဟုတ်ပါဘူး။ အမေပြောခဲ့တဲ့ ပုဂံခေတ်ကတိုင် ကနေ့ခေတ် အထိ၊အမေတို့ မိန်းမသားတွေဟာ ကိုယ့်ဖခင်၊ ကိုယ့်လင်၊ ကိုယ့်သား၊ ကိုယ့်မောင်ဘွား၊ ဦးလေး၊ ဦးကြီး၊ ဘဒွေး၊ ဘကြီး တူသားတတွေ စစ်မြေပြင်သွား စစ်ထွက်ယောက်ျားမှန်သမျှအတွက် နေ့စဉ် ရက်ဆက် ပန်းသပြေနဲ့ ညောင်ရေလောင်း၊ စစ်ပွဲအောင်ကြောင်း ဆုတောင်းရတာ၊ ဓားကိုကိုင်ပြန်လာတဲ့အခါ အောင်သပြေနဲ့ ဆီးလို့ကြိုရတာ..၊ အတူသွားခဲ့ကြပြီး၊ ကိုယ့်လူများ ပါမလာတော့လည်း ရင်နင့်စွာနဲ့ ဂုဏ်ယူဝံ့ကြွားဖြေသိမ့်ရတာ.. ဒါတွေဟာ စစ်သည်ရဲမက်တို့နဲ့ပတ်သက်တဲ့ အမေတို့မိန်းမသားအားလုံးအဖို့ အဆန်းမဟုတ်ပါဘူးသား။ ပြီးတော့ ရိုးသွားမယ့်အရာလည်း မဟုတ်ပါဘူး။ အမေပြောခဲ့ပါပြီကော။ ဒီမြေ ဒီရေ ကျေးဇူးအထူး သိတတ်သူမှန်သမျှ ဒီရေ ဒီမြေ ကိုကာကွယ်ရမယ်။ တည်ဆောက်ရမယ်။ ဒီမြေ ဒီရေကို ဖျက်ဆီးသူမှန်သမျှကိုလည်း တားဆီးရမယ်။ ကာကွယ်တည်ဆောက် တားဆီးသူတွေအတွက် အမေတို့မိန်းမသားတွေဟာ အားဆေး ဖြစ်ရမယ်။ အမေ သားကိုချစ်ပါတယ်။ သားထက် ကျေးဇူးကြီးတဲ့ ဒီရေ ဒီမြေကို အမေပိုချစ်ပါတယ်။ ဒီရေဒီမြေကို ကာကွယ်ဖို့အတွက် ရှေ့တန်းထွက် စစ်သည်ရဲမက်အမေ့သားကိုလည်း လေးစားစိတ်နဲ့ အမေချစ်ပါတယ် "

/ သြော်၊အမေရယ် /

" ဒါပေမယ့် သား။ စစ်မြေပြင်သွားတယ်ဆိုတာ ပန်းခင်းလမ်းလျှောက်တာမဟုတ်သလို၊ စစ်တိုက် တာကလည်း ပန်းနဲ့ပေါက်တာ မဟုတ်ဘူးသား"

 /သား၊ အမေပြောတာကိုသဘောပေါက်ပါတယ်၊ အမေ။ စစ်မြေပြင်ဆိုတာ၊ ဓားတွေ လှံတွေ သွေးတွေ ဒဏ်ရာအနာတရ ကြေကြ သေကြတာတွေ၊ ပြည့်နက် နေမှာပါ။ ဒါပေမယ့် အမေပြောသလို ကိုယ့်မြေကိုယ့်ရေထိပါးပြီး ဘာသာသာသနာစော်ကားနေတာ ငုံ့ခံနေတဲ့ လူမျိုးမဟုတ်ဘူးဆိုတာ ဘဝပေးတာဝန်အရ ပြရမယ်အမေ /

" အမေဂုဏ်ယူပါတယ်သား။ ချိုးတွေ၊ ခါတွေ၊ တောကြက်တွေ တောင်မှ နယ်ကျူးလာသူတွေကို တိုက်ထုတ်တယ်။ အိမ်ကြက်တွေကြည့်ပါလား။ ကိုယ့်ဝိုင်းထဲဝင်လာတဲ့ တခြားနယ်ကကြက်ကို ခေါင်းဆောင်မရှိရင် အိမ်ခံကြက်ငယ်ငယ်ကတောင် မနိုင်မှန်းသိပေမဲ့ ခံခွပ်တိုက်ထုတ်တယ်။ အမေတို့ကလူတွေသား။ သစ္စာရှိမှလူ။ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့ ကိုယ့်မြေ ကိုယ့်ရေကို သစ္စာရှိရမယ်။ ထိပါးကျူးကျော်လာရင်လည်း တွန်းလှန်ရမယ်။ ဒီလိုတွန်းလှန်တော်လှန်ရဲတဲ့ လူငယ်တွေ အနော်ရထာမင်းရဲ့ တပ်တော်တွေကတည်းက ရှိခဲ့တယ်။ ဘုရင့်နောင်မင်းတရားကြီး လက်ထက်ကလည်းရှိခဲ့တယ်။ အနောက်ဖက်လွန်မင်းတရားကြီး လက်ထက်ကလည်း ရှိခဲ့တယ်။ ခေတ်တိုင်းခေတ်တိုင်း မှာရှိခဲ့ကြတယ်သား။ သူတို့ဟာ တော်လှန်ပန်းတွေပါသား။ အရင်ကလည်းပွင့် ဒီနေ့လည်းပွင့် နောင်လည်းပွင့်နေဦးမှာ။ ဒီပန်းတွေရဲ့ ရနံ့ဆိုတာ ကမ္ဘာတည်သည်အထိ မွှေးပျံ့နေမှာမို့ အမေဂုဏ်ယူတယ်သား "

/ ဒီလိုအားပေးလို့ ဝမ်းသာလိုက်တာအမေရယ်။/

" နက်ဖြန်သွားရင် ရူပ လည်းပါမယ်လား၊သား "

 / သူ မလိုက်ဘူးအမေ။အဝ ရွှေမြို့တော်က လူလာစုမှ လိုက်မယ်တဲ့ /

" အင်းလေ၊ သူ့အမေနှင်းပွင့်က အမေ့ထက်လည်းကြီး ချူလည်း ချူချာသကိုး "

| ကြီးတော်နှင်းပွင့်ကြောင့် သူမလိုက်တာမဟုတ်ဘူး အမေ။ သူမလိုက်တာ၊သဲအုံကြောင့်။ သဲအုံနားက..|

ထိုစကားများကိုတော့ နန္ဒနှုတ်မှထွက်မလာပါ။ ရင်ထဲကသာပြောနေခြင်း။ ရူပ  မလိုက်ခြင်းသည် အဓိကမဟုတ်။ သူ့မှာအိုးစားဖက်တွေရပြီ။ သဲဖြူရွာက ငလုံး နှင့် သာမောင်၊ စည်သာနှင့် ရှောက်ပင်ကတဦးစီ။ စန်းတောကုန်းက ကိုကြီးသာရင်တို့ကလည်း နှစ်အိုးစားလောက်ပါဦးမည်။ ဘာပဲဖြစ်ဖြစ် သည်လူစုကို ဘဒွေးမြင်ရလျှင် ဂုဏ်ယူဝမ်းသာနေမည်မှာ သေချာသည်။

                                                                       

(ဆက်လက်ဖော်ပြပါမည်)

ရွှေတိုးဝင်းကြည်အောင်

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)