ပေါင် ၊ ဧပြီ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ YMBA အသင်းမှ ကျင်းပပြုလုပ်သော (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက (အ.ထ.က) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာ သူများမှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒစကားနာယူခြင်းခဲ့ကြသည်။
ထိုနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ပြည်နယ်ဥက္ကဋ္ဌ ဦးကြည်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ စိတ်ဓာတ်မြင့်မားလာစေရန်၊ မကောင်းသည့် အပြုအမူအပြောအဆိုများ ရှောင်ရှားပြီး ကောင်းမွန်သော စိတ်ရင်းစိတ်ဓာတ်များမွေးထုတ် လာနိုင်စေရန် သင်တန်းမှပေးသော အသိတစ်ခုမှသည် တိုးတက်မြှင့်မားသော ဘဝတစ်ခုကို ထူထောင်နိုင်စေရေး သင်ကြားပို့ချရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်မှ သင်တန်းသား/ သူ ဆရာ/ မ များအနေဖြင့် သင်တန်းတွင် ပို့ချသည့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စနစ်တကျ လေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်နိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံ့လူငယ်သားကောင်းများအား ပြန်လည်မွေးထုတ်နိုင်ရန်အတွက် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့သည်။
မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အတွင်းရေးမှူး ဦးအောင်မိုးမှ နည်းပြသင်တန်းသား/ သူများအား သင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ အခမ်းအနား တက်ရောက်လာသူများမှ ဗုဒ္ဓသာသနံစိရံတိရတု (၃) ကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့သည်။အဆိုပါသင်တန်းအား ဧပြီလ (၂၅) ရက်နေ့မှ ( ၂၇ ) ရက်နေ့ထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment