နေပြည်တော် မေ ၁၉
နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘဏ်စနစ်အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အတွင်းရေးမှူးနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန် မူဝါဒများ ချမှတ်၍ ထိန်းကျောင်းလျက်ရှိ ကြောင်း၊ Online Trading Plat-form သည် တရားဝင်နိုင်ငံခြား ငွေရောင်းချဝယ်ယူသည့် တရား ဝင်ဈေးကွက်ဖြစ်ကြောင်း၊ ဘဏ်များမှတစ်ဆင့် ဝယ်လိုသူ/ ရောင်းချ လိုသူတို့သည် ၎င်းတို့ ရောင်းချ/ ဝယ်ယူလိုသည့် Rate ကို နေ့စဉ်တင်ပြပြီး ဈေးကွက်ပေါက်ဈေး အတိုင်း ရောင်းချသည့်တရားဝင် Foreign Exchange Market ဖြစ်ကြောင်း၊ အများပြည်သူသိရှိ စေရန်အတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် Face-book Page နှင့် ဗဟိုဘဏ် We-bsite ၌ ကြေညာပေးလျက်ရှိကြောင်း၊ တရားမဝင်ဈေးကွက်များ (Online, Facebook)တို့တွင် ရောင်းချနေမှုများကို အရေးယူ လျက်ရှိပြီး တရားမဝင်ဈေးကွက်တွင် ရောင်းချမှုများကြောင့် ဆုံးရှုံး မှုများကိုလည်း တွေ့မြင်ရကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းချနေသည့် ဈေးကွက်ကို သာလျှင် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများက ယုံကြည်မှုရှိမည်ဖြစ်ကြောင်း။
တရားမဝင် ငွေလွှဲဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာကစောင့်ကြည့်နေပြီး ဗဟို ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူခံရနိုင်မှုများရှိကြောင်း၊ Online Trading Platform မှတစ်ဆင့် ဈေးကွက်ဝယ်လိုအား/ ရောင်းလိုအားအပေါ် မူတည်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ လိုအပ်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံ ခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဈေးကွက်၌ ပါဝင်သူများအားလုံး (အစိုးရ/ ပုဂ္ဂလိကကဏ္ဍ) မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်စွာ ရောင်းချသည့် နိုင်ငံခြားငွေဈေးကွက်ဖော်ဆောင်ရာတွင် အဟန့်အတားများကို အထူးသဖြင့် ကောလာဟလများကြောင့် ဈေးကစားသူများကို ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ လွတ်လပ်စွာရောင်းဝယ်နိုင်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် တရားဝင် ဘဏ်စနစ်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည် ဝင်ရောက်ရေးအတွက် ပူးပေါင်းကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ AD လိုင်စင်ရဘဏ်များ အနေဖြင့် Online Trading Platform ၌ နိုင်ငံခြားငွေများ ဝယ်ယူဆောင်ရွက်ပေးရာတွင် Beneficiary Owner သို့သာ ရောက်ရှိရန်လိုအပ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၌လည်း သွင်းကုန်လိုင်စင်များ ချပေးရာတွင် ဘဏ်စနစ်မှသွားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေများ ရောင်း ဝယ်ရာ၌ Online Market Rate အတိုင်း ဝယ်/ရောင်းရန်လိုအပ်ကြောင်း၊ အဆိုပါအချက်အလက် များကို ကုန်ဈေးနှုန်းထိန်းကျောင်း ရန် ဆက်စပ်ကော်မတီများသို့လည်း သတင်းပို့ထားပြီးဖြစ်ပါ ကြောင်း။
AD လိုင်စင်ရဘဏ်များအနေဖြင့် ဗဟိုဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Onsite စစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင်ရာ ဥပဒေများအရ စီမံခန့်ခွဲမှုဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ငွေ လဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့်နိုင်ငံခြား ငွေဈေးကစားနေသူများကို ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ စိစစ်အရေးယူ လျက်ရှိကြောင်း၊ ငွေသားအမြောက်အမြား ထုတ်ယူနေခြင်းများနှင့်စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒစ်ဂျစ် တယ်နည်းလမ်းဖြင့် သွားရောက်မှသာ လိုအပ်သည့်ကြီးကြပ် စစ်ဆေးမှုများနှင့် AML / CFT ဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကုန်သွယ် မှုဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ UMFCCI မှ အတွင်းရေးမှူးက သိလိုသည်များနှင့် အကြံပြုချက်များကိုလည်းကောင်း ဆွေးနွေးပြီး AD လိုင်စင်ရဘဏ်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment