စက္ကူစက်ရုံ(ရေနီ) အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်၊ တန် (၂၀) ထုပ်ပိုးစက္ကူ စက်ရုံ လည်ပတ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက္ကူစက်ရုံ(ရေနီ) အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်၊ တန် (၂၀) ထုပ်ပိုးစက္ကူ စက်ရုံ လည်ပတ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ၁၇-၅-၂၀၂၄ ရက်နေ့က ပဲခူးတိုင်း ဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး စက်ရုံဓာတ်ခွဲခန်း၌ အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်နေမှု၊ တန် (၂၀) ထုပ်ပိုးစက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စက်ရုံစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း၊ စက်အရန်ပစ္စည်း၊ အခြားသွင်းအားစုများကိုလည်း ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ ဝန်ထမ်းများကို ခေတ်မီစက္ကူထုတ်လုပ်သည့် နည်းပညာများရရှိရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပေးရန် မှာကြားသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးရန်၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် MSME များမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ဝတ်ဆင်ရေးကဏ္ဍနှင့်ပတ်သက်သည့် ဝါမှဝါဂွမ်း၊ ချည်၊ အထည်ရက်လုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန်၊ ထို့ပြင် ပြည်ပမှ စားသုံးဆီတင်သွင်းရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်း စားသုံးဆီဖူလုံရေးကို ဦးတည်ဆောင်ရွက်နေ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ) သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ယခုဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်မည့် အစီအမံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်သူလူထုဝတ်ဆင်ရေးကဏ္ဍ ဖူလုံစေရေးအတွက် ဝါကြိတ်စက်ရုံများ၊ ချည်မျှင်စက်ရုံများ၊ အထည်လိပ်ရက်လုပ်သည့် စက်ရုံများကို ရင်းနှီးမြှုပ်နှံတည်ထောင်ထားရှိသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ ထုတ်ကုန်များ၏ အရည်အသွးကောင်းမွန်အောင်နှင့် တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့နည်းသက်သာအောင် စီမံဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် စက်စွမ်းအားပြည့်လည်ပတ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျက်စီးနေသည့်စက်ပစ္စည်းများ အမြန်ဆုံးပြုပြင်နိုင် ရေးစီမံဆောင်ရွက်ရန်၊ ထို့အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ချည်များထုတ်လုပ် နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးမည့်အခြေအနေနှင့် စက်မှုဝန်ကြီးဌာနမှ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေ၊ နို့နှင့်နို့ထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးစက်မှုဇုန်ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှုဇုန်စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)သို့ရောက်ရှိပြီး သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ သင်တန်းနည်းပြဆရာ ဆရာမများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းများကို နိုင်ငံအလိုက် အမျိုးသား အရည်အသွေးသတ်မှတ်ချက်မူဘောင်များ ချမှတ်ထားရှိသဖြင့် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) သည် မည်သည့်အဆင့်တွင် ရှိနေသည်ကို သိရှိအောင်ဆောင်ရွက်ရန်၊ နည်းပြဆရာ ဆရာမများအနေဖြင့် မိမိတို့၏သင်တန်းကျောင်းအား အရည်အချင်းအဆင့် သတ်မှတ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း၊ လက်တွေ့သင်ကြားပြသနေမှုတို့ကို စစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်းသားများကို သမားရိုးကျလေ့ကျင့်သင်ကြားပေးရေးစနစ်မှ ကျွမ်းကျင်မှုအခြေပြုလေ့ကျင့်သင်ကြားရေးစနစ်ဖြင့် ပြောင်းလဲလေ့ကျင့်သင်ကြားပေးရန်၊ စက်မှု သင်တန်းကျောင်းများသို့ တက်ရောက်အောင်မြင်ပြီး သည့်သူများအား နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများတွင် ခန့်အပ်တာဝန်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)