(၄၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပ


ရန်ကုန်၊ မေ ၁၉

(၄၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က ဒဂုံမြို့နယ် ပြည်လမ်း အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြတိုက်ပညာရှင်များ၊ ရှေးဟောင်း သုတေသနပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ ပြတိုက်မှူးများ၊ ဘွဲ့လွန် ပြတိုက်ပညာဒီပလိုမာသင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၊ တက်ရောက်ဆဲ ပြတိုက်ပညာ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁) သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပြည်နယ်/ တိုင်းဒေသကြီးရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ဌာနခွဲ၊ ဌာနစု ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယနေ့သည် ကမ္ဘာတစ်ဝန်းလုံး ရှိ ပြတိုက်များကို ဂုဏ်ပြုသည့် “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” (International Museum Day) ဖြစ်ပါကြောင်း၊ အပြည်ပြည် ဆိုင်ရာ ပြတိုက်များကောင်စီ International Council of Muse-ums (ICOM) အဖွဲ့အစည်းကို ၁၉၄၆ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ICOM သည် သဘာဝနှင့်ယဉ်ကျေး မှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်ရည်ရွယ်၍ ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များနှင့် ပြတိုက်ဝန်ထမ်းများ စုစည်းပါဝင်သည့် ပြတိုက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ICOM သည် အများနှင့်သက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ အဖွဲ့ဝင်ပေါင်း ၄၀၀၀၀ ကျော်ရှိပါကြောင်း၊ အမျိုးသားကော်မတီ (National Co-mmittee)ကို ဖွဲ့စည်းထားသည့် နိုင်ငံပေါင်း ၁၁၉ နိုင်ငံနှင့် အပြည် ပြည်ဆိုင်ရာကော်မတီ ၃၂ ခုကို ကိုယ်စားပြုသည့် ပြတိုက်ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကော်မတီစုစုပေါင်း ၁၄၁ ခုမှ ပြတိုက်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ပြတိုက်ကျင့်ဝတ်ဆိုင်ရာကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုဆောင် ရွက်နေသည့် ကမ္ဘာ့အကြီးဆုံး ပြတိုက်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါကြောင်း။

“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ Interna-tional Council of Museums ( ICOM ) အဖွဲ့အစည်းက ၁၉၇၇ ခုနှစ် မေ ၁၈ ရက်မှ စတင်သတ်မှတ် ခဲ့ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် (၄၇) နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားပြတိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးသင်းက ICOM Myanmar နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာတမ်းဖတ်ကြားမည့် စာတမ်းရှင် လေးဦးက စာတမ်းများ ဖတ်ကြား၍ တက်ရောက်လာကြသည့် ဧည့်သည်များက သိလိုသည်များကို မေးမြန်းဖြေကြားပြီး ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ် အမှာစကားပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ်အဖြစ် ပြတိုက်များကို လာရောက်လေ့လာ ကြည့်ရှုသည့် ပြည်တွင်း/ ပြည်ပဧည့်သည်များကို ပြတိုက်ဝင်ကြေး ကင်းလွတ်ခွင့်ပြုထား ကြောင်းနှင့် အမျိုးသားပြတိုက် (ရန်ကုန်) မြေညီထပ်အဝင်ဝတွင် ၅၅ လက်မ LED ဖြင့် အပြည် ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအဆင့် Museum Talk Show စကားဝိုင်းဆွေးနွေးပွဲ ရိုက်ကူးထုတ်လွှင့်မှုကို ပြသထားသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းချီပညာဌာနမှ မဟာဝိဇ္ဇာတန်းများနှင့် စတုတ္ထနှစ် ပန်းချီအထူးပြုကျောင်းသား ကျောင်းသူများ၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အနုပညာလက်ရာပြပွဲ (Narrative on Canvas) ဖွင့်ပွဲအခမ်းအနားကို အမျိုးသား စာကြည့်တိုက် (ရန်ကုန်) Exhibition Hall ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်‌ ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်၊ ပြင်ပပညာ ရှင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ပညာဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က ပြပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပန်းချီပြပွဲသို့ တက်ရောက်လာကြသည့် ဧည့် သည်တော်များက ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

Narrative on Canvas ပန်းချီ ပြပွဲတွင် စတုတ္ထနှစ် ပန်းချီကျောင်းသား ကျောင်းသူ ၁၄ ဦးနှင့် မဟာ ဝိဇ္ဇာတန်း လေးဦး၏ အခရိုင်လစ် ရှစ်ကား၊ ရေဆေးပန်းချီ တစ်ကား၊ Charcoal တစ်ကား၊ ဆီဆေး ပန်းချီ ၄၅ ကား စုစုပေါင်းပန်းချီ ကား ၅၅ ကားကို ခင်းကျင်းပြသထားပြီး မေ ၁၈ ရက်မှ ၂၅ ရက် အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း အမျိုးသားစာကြည့် တိုက်(ရန်ကုန်) Exhibition Hall တွင် မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်းနှင့် နှစ်သက်ပါက ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)