ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာ အကြား ရထားလမ်း မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ အတွင်း မိုင်းဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာ အကြား ရထားလမ်း မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ အတွင်း မိုင်းဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်





နေပြည်တော်၊ မေ ၂၄

ယနေ့နံနက် ၁ နာရီ ၄၂ မိနစ်ခန့် နှင့် ၂ နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့်ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များက နံနက် ၆ နာရီတွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခဲ့ရာ လက်ရှိရထား‌ပြေးဆွဲနေသည့် အဆန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံး ခန့်ပျက်စီးပြီး၊ စီမံကိန်းဆောင်ရွက်လျက်ရှိသော အစုန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့် ပျက်စီးနေကြောင်းသိရှိရပါသည်။ ယနေ့ နံနက် ၆ နာရီတွင် ညောင်ပင်သာနှင့် ကညွတ်ကွင်း ရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်း အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထားတာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဆိုပါမိုင်းဖြစ်စဉ်ကြောင့် အမှတ် (၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ကညွတ်ကွင်းသို့ နံနက် ၁၁ နာရီ ၄၇ မိနစ်အချိန် ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန် တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန် (၃၁) မိနစ်နှင့် အမှတ် (၁) အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် ပဲနွယ်ကုန်းသို့ နေ့လည် ၁၂ နာရီ ၈ မိနစ်အချိန်ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၃ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန် (၁၀) မိနစ်အသီးသီး လူစီးရထားများ ကြန့်ကြာမှုဖြစ်ပေါ်၍ အမှတ် (၆၅၁) အစုန် ကျောက်ရထားသည် ဇေယျဝတီဘူတာ၌ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရောက်ရှိရပ်နားထားရပြီး ဖြူးဘူတာမှ ယနေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ် (၉၉၄) အစုန် သာစည်-ပုဇွန်တောင်ခရီးစဉ် ကုန်ရထားအား ခေတ္တ စောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့်အချိန်မှသာ စေလွှတ်နိုင်ခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်း မွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်း ချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)