တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ပြည့်မီစေရေး လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ပြည့်မီစေရေး လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်







ပြည်၊ မေ ၂၀

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဇီးအုပ်ကျေးရွာအုပ်စုရှိ စိုက်ပျိုးပညာပေးစခန်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မဖြစ်မနေ ဆောင်ရွက်ရမည့် မျိုးကောင်း မျိုးသန့် ပြောင်းလဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်း အပြင် သွင်းအားစုများ အချိန်မီအသုံးပြုနိုင်ရေး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တောင်သူများ၏ အဓိကသီးနှံများ အထွက်နှုန်း တိုးတက်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများခြင်းနှင့်အတူ လူတစ်ဦးချင်း၏ ဝင်ငွေများ တိုးတက်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အရှိန်အဟုတ်မပြတ် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသလို ဒေသခံတောင်သူများကလည်း မိရိုးဖလာ စိုက်ပျိုးနည်းများမှ စက်မှုလယ်ယာစနစ် သို့ လိုပါပြောင်းလဲရန်လိုအပ်ကြောင်းနှင့် စိုက်ပျိုးမြေအား မြေလပ်မရှိ အကျိုးရှိရှိ စိုက်ပျိုးသွားကြ ရန် လမ်းညွှန်မှာကြားခဲ့သည်။

 ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ရာသီအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲစဉ်းငုံမျိုးသန့်မျိုးစေ့များ၊ ပိုက်ဆံလျှော်မျိုးသန့် မျိုးစေ့များ၊ သွင်းအားစုဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်သူ လယ်သမားသင်တန်းကျောင်းရှိ သင်တန်းသား အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ ထမင်းစား ဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ရာသီ၌ ပဲစဉ်းငုံ(၃၁၀)ဧက သီးညှပ်စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးအုပ်ကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံမတ်ပဲအပြီး ဒုတိယသီးနှံ(နွေ)မတ်ပဲ အထွက်နှုန်းကောင်း TBL-9 စမ်းသပ်စိုက်ပျိုး ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များအား ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်သွား ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နတ်တလင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးအောင်ဆန်းဦး၏ YSR-1(Yezin Super Rice) စံပြမျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်ကာ ပြည်တွင်းစားသုံးမှုသာမက ပြည်ပ ပို့ကုန်အတွက်လည်း အကျိုးရှိသဖြင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း YSR-1(Yezin Super Rice) စံပြမျိုးစေ့ထုတ်စိုက်ခင်း(၁၀၂)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်မြို့၊ ပြည်သာယာရပ်ကွက်ရှိ ဦးတင်အောင်ဖြူ၏ ဝေဖြိုးစားသောက်ကုန် လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ပဈေးကွက်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)