ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၈) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၈)

 


                                 

၁၁၂၈ ခုစစ်ပွဲကပြီးသွားပြီ။ ဘဒွေးပြောသည့်အတိုင်း တရုတ်စစ်သည်အင်အားက ပထမအကြိမ်ထက် ၅ ဆ များလာသည်။ မြင်းသည်တော်အင်အားက ၂ ဆခွဲ။ သည်တပ်များကို ရင်စုတာရည် နှင့်ဆင်တာလောရဲတို့က ဦးဆောင်သည် *။ အခြားနာမည်ကျော် စစ်သည်တော်များကား ဗိုလ်ချုပ် လီယူတဲချန်= Lieu Te Chang က ကျိုင်းတုံစစ်မျက်နှာ၊ ဗိုလ်ချုပ် ဝူအာတင်အီး=Wu Erh Teng E က သိန္နီစစ်မျက်နှာ ဗိုလ်ချုပ် ချုလွန်= Chu Liu က ဆဒုံးစစ်မျက်နှာတို့ဖြင့်ဖြန်ကျက်လာသည်။ စစ်သေ နာပတိလီရီရှင်း= Li Yi Shing နှင့်အတူယူနန်ဘုရင်ခံကိုယ်တိုင်အင်အားတောင့်တင်းစွာချီတက်လာကြခြင်းဖြစ်သည် ^^ ။

ပထမအကြိမ်ရှုံးရသည်ကို အခဲမကျေ၍ တပ်အင်အားလည်းတိုး၊ စစ်ဗျူဟာအသစ်လည်းချ။ ပြင်ဆင်လာခဲ့ကြခြင်းဖြစ်သည်။ ပထမအကြိမ်လို ကျိုင်းတုံစစ်မျက်နှာတခုတည်း ဦးမတည်တော့။ ဗန်းမော်ကိုသိမ်းပြီး၊ ဧရာဝတီကိုစုံ အင်းဝအရောက်ချီတက်မည်။ ဒါကအဓိကပင်မစစ်ကြောင်း။ ဒုတိယပင်မစစ်ကြောင်းက မိုးကောင်းကို ထိုးဖောက် ဧရာဝတီမြစ်ညာကိုသိမ်း၊ ဧရာဝတီအနောက်ဖက်မှအင်းဝထိချီ။ ပထမစစ်ကြောင်းနှင့်ပေါင်းကာ အဝဘုရင်ကိုဖမ်းမည်။ ပြီးတော့မန်ချူးတရုတ်တို့ အလိုကျ ရုပ်သေးဘုရင်ထားခဲ့မည်။ သည်လို အစီစဉ်တွေနှင့် ဒုတိယကျူးကျော်စစ်ကိုဆင်နွှဲလာခြင်းဟု နန္ဒတို့ သာမန်စစ်သည်တွေပင် နားလည်ထားသည်။

ပင်မစစ်ကြောင်းကို ယူနန်ဘုရင်ခံသစ်  ရန်ရင်ကျု =Yang Yingju ခေါ်  ရင်စုတာရည် ကိုယ်တိုင်ဦးဆောင်သည်။ ဗန်းမော်ဈေးမြို့ကို ချောင်ဟုန်ဖန်=Chaoung Pang ဦးစီး တရုတ်တပ်တို့ကို တိုက်ခိုက်စေရာ လွယ်ကူစွာပင်သိမ်းပိုက်နိုင်သည် ^^။ တင်းကျပ်စွာထိန်းသိမ်းခြင်း မရှိသော ဗန်းမော်ကို မြန်မာတပ်တော်တို့က စွန့်ခွာကာ ကောင်းတုံသို့သွားရောက်ပူးပေါင်းသည်။ ပွဲဦးထွက်အောင်ပွဲရ၍ ယူနန်ဘုရင်ခံပျော်သွားသည်။ ကောင်းတုံကိုလည်း သည်လိုလွယ်လွယ်ပင် ရမည်ထင်ထားသည်။

ဤနေရာတွင် ဆင်ဖြူရှင်မင်းတရားကြီး၏ အမြော်အမြင်ကြီးမားမှုက နိုင်ငံလူမျိုးဂုဏ်သိက္ခာတိုးမည့် ရာဇဝင်ဖြစ်စဉ်ကို ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၁၁၂၇ ခု စစ်ပွဲပြီးကတည်းက တရုတ်ကျူးကျော်လာမည့်ရန်ကို မြှော်ထောက်၍ ကောင်းတုံသို့ 'ဗလမင်းထင်'ကို စေလွတ်ပြီးပြင်ဆင်ထားစေခဲ့သည်။ သည်ကြိုတင်ပြင်ဆင်ချက်ကြောင့် တရုတ်တပ်များ ကောင်းတုံမှာလန်ကျခဲ့ကာ မြန်မာပြည်တွင်းသို့ရောက်မလာနိုင်ခဲ့။ ဆင်ဖြူရှင်မင်းတရားကြီးသည် စစ်သည်ရဲမက်တို့ကို လူမှန်နေရာမှန်ရွေးချယ်နိုင်သည်။ ခံစစ်ပြင်ဆင်ရာတွင် အကောင်းဆုံး စိတ်အချရဆုံးသူမှာ 'ဗလမင်းထင်' မှဖြစ်သည်ကို သိသည်။ သိရပေမပေါ့။ ဖခမည်းတော် အလောင်းမင်းတရား၊ အထက်တလွှားစည်းရုံးသိမ်းသွင်းစဉ်က သူသည်မင်းသားငယ် သတိုးစော ဘဝဖြင့် အဝမြို့စောင့်ရသည်။

သူနှင့်တွဲဘက်က ဗလမင်းထင်ဖြစ်လာမည့် မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက်မှာပါသည့် ရဲကျော်သူရ။ 

ဟံသာဝတီသားတို့က အဝ ကို ဖျက်ဆီးပြီး အဝမင်းကို ဖမ်းထားချိန်၊ အဝကိုသိမ်းသွင်းရန် ဒုတိယအကြိမ်ဝန်းရံလုပ်ကြံသည်။ မင်းသားငယ်သတိုးစောနှင့် တပ်မင်း - ရဲကျော်သူရတို့ လူအင်းအားနည်းပါးသော်ငြား စိတ်ဓာတ်အင်အားက အရှုံးမပေးစိတ်ဓာတ်။ တပ်မင်း-ရဲကျော်သူရက အကွပ်အညပ်ကောင်း၍ ဟံသာဝတီသားတို့ အဝကို ညောင်ရမ်းမင်းခေတ်ကလို မထိုးဖောက်နိုင်။ နောက်ဆုံးတပ်လန်ကာ နောက်ဆုတ်ရတော့သည်။ သည် အင်းဝ ခုခံစစ်ပွဲ၌ အင်းဝ မကျဆုံးအောင်ကာကွယ်ထားနိုင်၍ အလောင်းမင်းတရားကြီးက 'ဗလမင်းထင်' ဘွဲ့ချီးမြှင့်ခဲ့သည်။

ခံစစ်အတွက် သူမတူအောင်စွမ်းဆောင်နိုင်သည်ကို လက်တွဲတိုက်ခဲ့သည့် ဆင်ဖြူရှင်မင်းကိုယ်တိုင်သိ၍ မြန်မာ့နိုင်ငံတံခါး၊ ကောင်းတုံခံတပ်အား ကောင်းစွာပြင်ဆင်နိုင်ရန် ဖခမည်းတော် အလောင်းမင်းတရား လက်ရုံးစစ်ကဲကို စစ်အကြီးအကဲတာဝန် အပ်နှင်းပေးလိုက်ခြင်းဖြစ်သည်။ ကောင်းတုံခံတပ်သည် မြန်မာနိုင်ငံတော်အသက်။ကောင်းတုံကျိုးပြီဆိုလျှင် ဧရာဝတီမြစ်ရေစီးလို တရုတ်တပ်တို့ ထိန်းမနိုင်သိမ်းမရ ထိုးဆင်းလာမည်။ သို့ဖြစ်၍ ခံစစ်တွင်အားထားရသောစစ်မင်းကြီး ဗလမင်းထင်တဦးတည်းကို ပုံအပ်ထားရသည်။ မြန်မာ့တပ်တော်မှတိုက်ခိုက်ရေးကျွမ်းစစ်သည် များစွာတို့မှာလည်း ယိုးဒယားတွင် စစ်ဆင်နေရချိန်ဖြစ်ရာ ကောင်းတုံခံတပ်ရှိတပ်အင်အားသည် မန်ချူးတရုပ်တပ်တို့၏ အနည်းဆုံးသုံးပုံတပုံခန့်မျှသာရှိသည်။ သို့ငြား ခံစစ်ဆင်ရာမှာ အကွပ်အညှပ်နာသည့် ဗလမင်းထင်က ကောင်းတုံသည် မဆုတ်တမ်းခံတပ်အဖြစ် မော်ကွန်းတွင်ရစ်စေသည်။

ယူနန်ဘုရင်ခံသည် ဗန်းမော်ကို အေးဆေးသက်သာစွာသိမ်းယူနိုင်ပြီး ရိက္ခာထောက်ပံ့ဌာနအဖြစ် တပ်ချထားခဲ့သည်တဲ့။ ဗန်းမော်မှအနောက်တောင်ဘက် တယူဇနာနှင့်ခရီးတိုင် ၃ တိုင်(အင်္ဂလိပ်အတိုင်းအတာ မိုင်၂၀) ပျော့ပျော့သာဝေးသော ကောင်းတုံခံတပ်ကို တရုတ်တပ်က အပြင်းအထံထိုးစစ်ဆင်သည်တဲ့။ လူအင်အားများစွာသာလွန်၍ ပင်လယ်လှိုင်းများအလား လူလှိုင်းလုံးများတလှိုင်းပြီးတလှိုင်း တက်တက်လာသည်တဲ့။ ကောင်းတုံခံတပ် ခုခံတိုက်ပွဲမှာပါသူ ကိုကြီးသာဒင်တို့က ပြောပြခြင်း။ ပင်လယ်လှိုင်းများ ကျောက်ဆောင်နှင့် တွေ့လျှင်လန်ကျသွားသလို တရုတ်လူလှိုင်းတို့လည်း ကောင်းတုံခံတပ်မှာလန်ကျသည်တဲ့။ ကောင်းတုံခံတပ်မှာ မြင်းခလုတ် ဆင်ခလုတ် ခလုတ်ပေါင်းများစွာကို တရုတ်မြင်းသည် စစ်သည်တို့မကျော်လွှားနိုင်။ သူတို့ကိုစိတ်အားတက်ကြွဖို့ တီးခတ်သည့် စစ်စည်၊ စစ်တံပိုး၊ စစ်ခရာတို့က မည်မျှရဲဆေးတင်သည်ဖြစ်စေ ခံစစ်သမားမြန်မာရဲများ၏ လှံဖျား၊ ဓားဖျားမှာ၊ ဒူးလေး၊ မြား၊ သေနတ်မီးပေါက်များမှာ အသက်ပါသွားရသည်ကို တွေ့ရသောအခါ မြန်မာတို့ အောင်စည်အောင်းမောင်းသံကြားသည်နှင့် တရုတ်စစ်သည်တို့ နှလုံးခုန်ရပ်ကုန်သည်တဲ့။ ကိုကြီးသာရင်က စကားကိုခပ်ထွားထွား ပြောသောအခါ ပြုံးမိရသည်။ "ကိုကြီးသာရင်တို့ကော တရုတ်တပ်က တီးမှုတဲ့ စစ်ချီအားပေးသံတွေကိုရင်မခုန်ဘူးလား" ဟုမေးတော့ " မခုန်လည်း မခုန်ဘူး။ မတုန်လည်း မတုန်ဘူး။ ဆောင်ဓားတင်းတင်းဆုပ် နောက်မဆုတ်စိတ်နဲ့ သတ္တိသွေးတွေက စီးနေသကွ" ဟု တိုက်ပွဲကို ရသခံပြန်ပြောသည်။ မြောက်ပြန်လေသရမ်းဆောင်းအချမ်းကို နှစ်ဖက်စစ်သည်တို့အမှုမထားနိုင်။ မိုးလောက်ပြင်းထန် ဆောင်းနှင်းမြူတို့ တဖွဲဖွဲကြားမှာ ဓားသံ မြားသံ လေးညို့လွှတ်သံ၊ သေနတ်မီးပေါက်သံ၊ မြန်မာ့ရဲမက်တော်တို့ ဟစ်ကြွေးသံ၊ တရုတ်တို့၏ ကြောက်လန့်တကြားဆုတ်ခွာပြေးသံ၊ တဖန်အားတင်း၍ တချီတမောင်းတက်လာသံတို့ကို ကိုကြီးသာဒင်က တဖန်ပြန်ကြားသည်။

တချီတချီ ဆင်ခလုတ် မြင်းခလုတ် ခံစစ်တာပေါက်ကာ တရုတ်စစ်သည်အချို့ သစ်တပ်စည်းရိုးထိ ရောက်ကာ သစ်တပ်ကို ဖြိုလှဲဖို့ကြိုးစားသည်။ သစ်တပ်ပေါ်တက်သည်။ မြန်မာစစ်သည်တို့က သစ်တပ်ပေါ်မှ ပွဲညက်ရည်ပူ၊ရေနွေးပူ၊ ငရုတ်ရည်တို့လောင်းချကာ တရုတ်စစ်သည်တို့ ရာချီသေစေသည်။ မြန်မာသစ်တပ်ကိုလှဲဖို့ ဥမှင်တူးသော်ငြား ခံစစ်တွင်းအတောင် ၂၀၀ ထိ မြေသား တမံဖို့ထားရာ တရုတ်စစ်သည်တို့ အချိန်ကုန်လူပန်းသစ်တပ်တန်းကိုမဖြိုနိုင်။ တပ်ပြန်ခေါက်ရသည်။

ယူနန်ဘုရင်ခံကလည်း မလျှော့။ တချီမအောင် တချီအောင်ရမည်။ သူစစ်သည်တို့ကို ကွပ်ညှပ်ကာ လူလှိုင်းလုံးပင် စစ်စည်ရိုက်ဟည်း၊ တံပိုးခရာမြည်ဟီးသံညံစွာဖြင့် တိုက်ပွဲဝင်ပြန်သည်။ မြန်မာတပ်တော်တို့မှာ စစ်ကူကိုမြှော်ရပြီ။ ခံစစ်စည်းရိုးကတော့ခိုင်မာဆဲ။ စိတ်ဓာတ်အားကလည်း တက်ကြွဆဲ။ လူအင်အားကမမျှ။ သို့ငြား တပ်မှူးကြီး ဗလမင်းထင် ၏ အစီအမံအကွပ်အညပ်နာမှုအောက်မှာ မြန်မာစစ်သည်တို့ ထက်မြက်ရဲရင့်နေ၍ တရုတ်တပ်တို့ ကောင်းတုံခံတပ်ကို မကျော်လွှားနိုင်။ သူတို့ထက် လူအင်အားများစွာနည်းသော ကောင်းတုံခံတပ်ကို ပထမထိုးစစ်မှာရှုံး၊ ဒုတိယနှစ်ခါစစ်ထိုးရာမှာလည်းမနိုင်၊ တတိယသုံးကြိမ်မှာလည်းအနှံခံရ၊ လေးခါမှာလည်း ကွဲလာ၊ ငါးကြိမ်မြောက်မှာလည်း ပြဲလာသောအခါ၊ ထိုးစစ်ဆင်သူတရုတ်တို့ စိတ်ဓာတ်ကျလာသည်။မြန်မာတပ်တော်ကတော့၊ ကိုယ့်တိုင်းနိုင်ငံအတွက် ကိုယ့်အသက်ပေးဆက် ရဲရမည်ကို စစ်သည်တိုင်းက နားလည်နေသည်။ 'လာစမ်း၊လာစမ်း။ ငါတို့မြေကျူးကျော်လာရင် မင်းတို့ပြန်လမ်းမရှိစေရ' သည်လို ခံယူချက်တွေနှင့် တိုက်ပွဲဝင်နေသည့် မြန်မာ့စစ်သည်တော်များ။ သည်တော့ တရုတ်တို့ အကြိမ်ကြိမ်ထိုးစစ်များသည်အလဲ၊ အကွဲ၊ အပြဲ တရှုံးတည်းရှုံးနေရာ တရုတ်တို့လူလှိုင်းအင်အား တဖြည်းဖြည်းကျသွားသည်။ဟစ်သံညာသံတို့သည် စဦးတိုက်ပွဲများလို အားမာန်မရှိတော့။ သူတို့နောက်မှာ ဗန်းမော်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သော မြန်မာစစ်ကူတို့ကဝင်တိုက်နေပြီ။ စစ် ၂ ဘက်ညှပ်တိုက်ခံနေရပြီ။ ကောင်းတုံခံတပ်တိုက်ပွဲက ဗိုလ်ချုပ်နေမျိုးစည်သူ တပ်ကူမလာခင်ကတည်းက ထိုးစစ်ဦးကကျိုးနေရာ နေမျိုးစည်သူ တပ်ကူ ရောက်လာသည့်အခါအဖြေထွက်သွားပြီ။ ယူနန်ဘုရင်ခံဦးဆောင် တရုတ်တပ်ဆုတ်စစ်ပြင်ရတော့သည်။

ဗန်းမော်ဈေးမြို့ကို တရုတ်တို့သိမ်းပိုက်သည်ကို အထောက်တော်တို့ထံမှ ဆင်ဖြူရှင်မင်းကြားသိသိချင်း ဗိုလ်ချုပ်လက်ဝဲဝင်းမှူး 'နေမျိုးစည်သူ' တပ်ကို၊ ကောင်းတုံ ဗန်းမော်ကြောင်းသို့ချီစေသည်။ 'နေမျိုးစည်သူ' တပ်မှာစစ်သည် အင်အားတသောင်းငါးထောင်သာ ပါသည်။

'နေမျိုးစည်သူ'သည် 'ဗလမင်းထင်'နှင့်ဆက်သွယ်ကာ လက်နက်အင်းအားကူညီပေးသလို ထိုစစ်သည်အင်အားဖြင့်တရုတ်တို့အား ရိက္ခာထောက်ပံ့ပြုထားသည့် ဗန်းမော်ကို လွယ်ကူစွာပင်ပြန်လည်သိမ်းပိုက်သည်။ ကောင်းတုံရောက် တရုတ်တပ်က ဗန်းမော်ကိုစစ်ကူပြန်ပေးငြား မြန်မာတပ်တို့က လမ်းမှဖြတ်တိုက်၍ တရုတ်စစ်ကူတို့တပ်ပျက်သည်။ သည့်နောက်ကောင်းတုံကိုဝိုင်းနေသည့် တရုတ်တပ်ကို ဗန်းမော်ကိုပြန်သိမ်းပိုက်နိုင်သည့် 'နေမျိုးစည်သူ' တပ်ကနောက်မှထပ်ဝိုင်းကာ တိုက်သည်။ ကောင်းတုံခံတပ်မှ ဗလမင်းထင်တပ်တို့ကလည်း ခံတပ်မှထွက်ကာထိုးစစ်ဆင်တိုက်သဖြင့် တရုတ်တို့ မြန်မာ့တပ်တော် ထောင်ချောက်မှာမိတော့သည်။ တရုတ်တပ်တို့ဖရိုဖရဲအလဲလဲ အကွဲကွဲအပြဲပြဲတပ်ပျက်၍ ယူနန်ဘုရင်ခံ ကောင်းတုံခံတပ်မှ ဆုတ်ခွာယူနန်သို့ပြန်ပြေးရတော့သည်။

နန္ဒပါဝင်သောတိုက်ပွဲမှာ မိုးကောင်းသို့ချီလာသော တရုတ်တပ်နှင့် ရင်ဆိုင်ရသောပွဲဖြစ်သည်။ သူနှင့်အိုးစားဖက် ငလုံးတို့အဖွဲ့ကို ဘဒွေးက ဝန်ကြီးဗိုလ်ချုပ်မဟာစည်သူ တပ်မှာအားဖြည့်ပေးသည်။ မဟာစည်သူတပ်ကို ဆင်ဖြူရှင်မင်းတရားကြီးက ဧရာဝတီမြစ်အနောက်ဖက်ကမ်းတလျှောက် မိုးကောင်းကြောင်းချီစေသည်။ မဟာစည်သူတပ်တို့က ဧရာဝတီမြစ်ကို ခတ်ချိုမှဖြတ်၍ ဝိုင်းမော်သို့ရောက်သောအခါ အရှေ့ဘက်သို့ဆက်ချီသည်။ဝန်ကြီးတပ်နှင့် မြောက်ဘက်ချီလာသော တရုတ်ဒုတိယပင်မစစ်ကြောင်းတို့ တွေ့ဆုံတိုက်ပွဲဖြစ်သည်။ ဧရာဝတီမြစ်ညာကိုသိမ်းပိုက်မည့် တရုတ်ဒုတိယပင်မစစ်ကြောင်းကို ဆင်တာလောရဲက ဦးဆောင်လာသည်။ ယူနန်ဘုရင်ခံက ဗန်းမော်ကောင်းတုံကို အလွယ်တကူသိမ်းပိုက်နိုင်မည်ထင်သလို ဆင်တာလောရဲကလည်း ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှ ခံစစ်ကြောင်းများကို သက်သက်သာသာချေမှုန်းနိုင်မည်ဟုပင် တွက်ဆခဲ့သည်။သည့်အတွက်လည်း တွက်ရေးက စက်သူဌေးလုပ်ခဲ့သည်။

ကောင်းတုံခံတပ်ကို ယူနန်ဘုရင်ခံ ဦးဆောင်တပ်တို့၊ မကျော်လွှားနိုင်သလို ဆင်တာလောရဲ ခေါင်းဆောင် ဒုတိယပင်မစစ်ကြောင်းသည်လည်း မဟာစည်သူတပ်တို့နှင့် တွေ့ကာ ရှေ့မတိုးနိုင်ခဲ့ရုံမက မြန်မာတို့ စစ်ပရိယာယ်ကြားဝင်ကာ တပ်ပျက်နောက်ဆုပ်ရသည်။ မြန်မာတို့ကစ စ်သုံးကြောင်းခွဲကာ အလယ်စစ်ကြောင်းကစစ်မြူသည်။ ဆင်တာလောရဲတပ် စစ်ကျွံလာသောအခါကျန် ၂ ကြောင်းက တရုတ်တို့၏'လီစော' တောင်အခြေစိုက်စခန်းကို ချေမှုန်းလိုက်သည်။ ထိုအခြေစိုက်စခန်းမှ ရိက္ခာစိုရိက္ခာခြောက်များ၊ သယ်ယူပိုဆောင်ရေးအဖြစ်နွားများ၊ လားများ၊ မြင်းများကိုသိမ်းပိုက်နိုင်ခဲ့သည်။ တဖန်စစ်ကျွံနေသော တရုတ်တပ်မှာ ရိက္ခာပြတ်လပ်သွားသလို မြန်မာတပ်တော်၏ ရှေ့နှင့်ဝဲယာညှပ်တိုက်ခံရ၍ ဆင်တာလောရဲတပ် ဆုတ်ခွာရသည်။

နန္ဒ၏ ဒုတိယတိုက်ပွဲအတွေ့ကြုံက တရုတ်ဗိုလ်ချုပ်ချုလွန်တပ်နှင့် ရင်ဆိုင်ရသည့်ဆဒုံး တိုက်ပွဲ။ အတွေ့အကြုံမရှိသော်လည်း ရဲရင့်ခြင်းအပြည့်ရှိသော နန္ဒကိုဗိုလ်မင်းသူရိန်သဘောကျသွားသည်။ ဆဒုံးတိုက်ပွဲအပြီးမှာ ဗိုလ်မင်းသူရိန်၏ ကိုယ်ရံတော်ဖြစ်လာသည်။ 'ယောယင်' တောင်ကြားတိုက်ပွဲကလည်း သဲသဲမဲမဲ နွှဲရသည်။ မြန်မာစစ်သည်တော်တို့၏ ရဲရင့်မှုစိတ်ဓာတ်ကို တရုတ်တို့ကိုယ်တွေ့ မျက်မြင်ဖြစ်လာသောအခါ တရုတ်သုံးယောက်မြန်မာတယောက်ပင်ဖြစ်နေစေကာမူ သူတို့မလုံလဲတော့။ ယောယင်မှာ အရှုံးကြီးရှုံးသည်။ တရုတ်တပ်တို့ 'စန္နား' သို့ဆုတ်ခွာ အခိုင်အမာတပ်စွဲခုခံပြန်သည်။ ဝန်ကြီးမဟာစည်သူ၏ မြန်မာတပ်ကလည်း အပြင်းအထန်ထိုးစစ်ဆင်သည်။ တရုတ်တို့ကလည်း မဆုတ်တမ်းခံချသည်။ စန္နားကို သိမ်းပိုက်တိုက်ပွဲဆင်နေစဉ်၊ စစ်ဦးစီးမှူးဝန်ကြီးမဟာစည်သူ လွန်စွာနာမကျန်းဖြစ်တော့သည်။ မကျန်းမာလွန်း၍ ကိုယ်ရံတော် တပ်သားအချို့ဖွဲ့ကာ 'အဝ' နေပြည်တော်ပြန်ပို့ရသည်။ စစ်ဦးစီးမှူးမရှိတော့သော်လည်း နန္ဒတို့မြန်မာစစ်သည်များ စိတ်ဓာတ်မကျ။ ထိုအချိန်မှာ ဗိုလ်ချုပ်နေမျိုးစည်သူ တပ်ရောက်လာပြီး ဝန်ကြီးမဟာစည်သူတပ်ကို ဦးဆောင်စီမံပေးသည်။တရုတ်တို့စန္နားခံတပ် ချိုးဖျက်ရေးကို ဗိုလ်ချုပ်နေမျိုးစည်သူ ကဦးဆောင်ပေးခဲ့သည်။ 'မဟာစည်သူတပ်နှင့်နေမျိုးစည်သူ'တပ် ၂တပ်ပေါင်းမိသောအခါ စန္နားကိုရသည်။ ကျိုင်းတုံးစစ်ကြောင်းချီ ဗိုလ်ချုပ်လီယူတဲချန်လည်းကျိုင်းတုံမှ ဆုတ်ခွာရသည်။ စစ်မျက်နှာတိုင်းအနိုင်ရစစ်ပွဲမရှိ။

သို့သော်တိုက်ပွဲကမပြီးသေး။'သိန္နီ' မြို့အရှေ့မြောက်ဖက်ကို ဗိုလ်ချုပ်ဝူအာတင်အီး၏ တရုတ်တပ်မ တခုကသိမ်းပိုက်တပ်စွဲထားသည်။ ထိုတပ်စခန်းကို ယိုးဒယားဇင်းမယ်တိုက်ပွဲမှ ပြန်လာသောဗိုလ်ချုပ်ကြီးမဟာသီဟသူရနှင့် စစ်ကဲကြီးတိမ်ကြားမင်းခေါင်တို့က ဝင်တိုက်သည်။ စန္နားကြောင်းကိုရှင်းခဲ့သော ဗိုလ်ချုပ်နေမျိုးစည်သူတပ်က တာပိန်မြစ်ဝှမ်းမှာတပ်စွဲထားသော တရုတ်တပ်ကို မောင်းထုတ်ခဲ့ပြီး မဟာသီဟသူရတပ်များ တိုက်နေသော သိန္နီတပ်အခြေစိုက် ဗိုလ်ချုပ်ဝူအာတင်အီးတပ်ကို ၂ ဖက် ညှပ်တိုက်သည်။ သည်ပွဲသည် တရုတ်မြန်မာဒုတိယစစ်နောက်ဆုံးတိုက်ပွဲ။ မြန်မာတပ်တို့သည် နတ်ဘီလူးတွေအလား ကိုယ့်ထက်အင်းအားသုံးလေးဆ များသည့်ရန်သူတရုတ်တို့ကို မပင်မပမ်းစစ်ခင်းနိုင်ကြသည်။ မမြှော်လင့်သည့်အချိန် မမြှော်လင့်သည့်နေရာကပေါ်လာကာ တရုတ်တပ်တို့ကိုဖျက်ဆီးနိုင်ကြသည်။ တိမ်ကြားမင်းခေါင် ဆို၍တိမ်ကြားကပေါ်လာသည့်အလား တရုတ်တပ်တို့ကြုံတွေ့ရသည်။ နောက်ဆုံးစစ်ကြောင်းတိုင်း ဆုတ်စစ်လုပ်ကာ ယူနန်ပြန်ရသည်။တွက်စစ်လိုက်သောအခါ မြန်မာပြည်ချီတက် တရုတ်စစ်သည်၏ ငါးပုံတပုံသာ တရုတ်ပြည်ပြန်ရောက်သည်။တရုတ်စစ်သည် ငါးပုံနှစ်ပုံမှာကျဆုံးသူများနှင့် သုံ့ပန်းအဖြစ်နေခဲ့ရသူများ ဖြစ်သည်။

ယူနန်ပြန်ရောက်သော ယူနန်ဘုရင်ခံရန်ရင်ကျုက "မြန်မာစစ်သည် တသောင်းကျော်ကျဆုံး၍ မြန်မာစစ်ဗိုလ်ချုပ်'နေမျိုးစည်သူ' ကိုယ်တိုင် လာရောက်အညံ့ခံပါမည်အကြောင်း စကားကမ်းလှမ်းလာကြောင်း၊ ဗန်းမော်မြို့သူမြို့သားတို့သည် တရုတ်တို့ထုံးစံ အတိုင်း ကျစ်ဆံမြီးများပင် ထားကာနေကြကြောင်း၊ မြန်မာတို့စစ်ပြေငြိမ်း၍ ဗန်းမော်ကို အပ်နှင်းပြီးကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများစီစဉ်နေကြောင်း" 

တရုတ်ဧကရာဇ်ချင်းလုံထံ လိမ်ညာအစီရင်ခံတင်သည်တဲ့။ သို့သော်ဧကရာဇ်ချင်းလုံကလည်း အထောက်တော်များထံမှ မြန်မာတပ်တော်နှင့် တရုတ်တပ်တို့ ဗန်းမော်၊ ကောင်းတုံ၊ လီစောတောင် စသည့်တိုက်ပွဲတိုင်း တရုတ်တပ်တို့ အရှုံးနှင့်ရင်ဆိုင်ရကြောင်းသိပြီးဖြစ်သည်။ မြန်မာတို့က မြန်မာ့နယ်မြေကိုကျော်၍ ယူနန်ထိပင်ရောက်သည်ကို သိသောကြောင့် ရန်ရင်ကျု ၏ လိမ်ညာအစီရင်ခံစာကို ယုံကြည်ဟန်ဆောင်ကာ ရန်ရင်ကျုနှင့်စစ်သေနာပတိ လီရီရှင်းအပါဝင် တရုတ်ဗိုလ်ချုပ်များကို ပီကင်းနေပြည်တော်သို့ ဖိတ်ကြားလိုက်သည်။ ရောက်သောအခါ ယူနန်ဘုရင်ခံရန်ရင်ကျု၊ စစ်သေနာပတိ လီရီရှင်းနှင့်တရုတ်ဗိုလ်ချုပ်များကို စစ်ရှုံးပစ်ဒဏ်အဖြစ် မိမိကိုယ်ကိုယ်မိမိ အဆုံးစီရင်စေသည့် သေဒဏ်ကိုချမှတ်လိုက်သည်တဲ့။


(ဆက်လက်ဖော်ပြပါမည်။)                      

ရွှေတိုးဝင်းကြည်အောင်


ကျူးကျော်စစ်ရန် တို့တွန်းလှန် အခန်း ၁ မှ ၇ ထိကို

Myanmar National Post သို့ 8-4-24 ကစပို့ခဲ့ပါသည်။ အခန်း ၈ ကို ရက်၂၀ကြာရေးရပါသည်။ အောက်ပါကိုးကားစာအုပ်အပြင် ကမ္ဘာ့စွယ်စုံကျမ်းကို ကြည့်၍ ဖြည့်စွက်ကိုးကားပါသည်။ ယခင်သမိုင်းကိုးကားစာအုပ်များမှာ

 *=၁၉၇၈အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း ၊

 **=၁၉၅၂ဦးဘသန်းကျောင်းသုံးမြန်မာရာဇဝင်နှင့်ဦးအောင်သိန်းဟန်မြန်မာနိုင်ငံသမိုင်းသစ်၊ 

^ =ဒေါက်တာတိုးလှ၏အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည်၊

^^=ဦးဘဖေ B.A ပြုစု၁၉၅၂အလယ်တန်းမြန်မာ့သမိုင်းအကျဉ်း၊၁၉၇၈တတိယတန်းမြန်မာ့သမိုင်းနှင့်၁၉၉၂ နဝမတန်းမြန်မာ့သမိုင်းဖြစ်ပြီးမြေပုံများမှာနဝမ တန်း နှင့်အလယ်တန်းသမိုင်းမှဖြစ်ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)