ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပ







ပဲခူး၊ မေ ၆

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် စတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ကာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာ့လုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း(၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည့် အပြင် မွေးကင်းစမှ (၁)နှစ်ခွဲအထိလည်းကောင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအားလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းမကလေးများအားလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများအား ပုံမှန်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးများအနေဖြင့် အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊ ဦးနှောက်တီဘီရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတို့အား သက်ဆိုင်ရာဆေးထိုးစုရပ်များသို့ အဆင့်ဆင့် အအေးလမ်းကြောင်းမပျက် သယ်ယူပို့ဆောင်၍ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများဖြင့် စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ “ကလေးငယ်များ အနာဂတ် လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်အတိုင်း ကလေးငယ်များ၏ အနာဂတ်လှပစေရေးအတွက် အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက် မကျန် ထိုးနှံတိုက်ကျွေးရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြု သင်တန်းသား/သူများက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က အသက်(၁)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေမှုနှင့် အသက်(၅)နှစ်အောက် ကလေး များ အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ပဲခူးတိုင်းဌာနေ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)