ငါးရာငါးဆယ်ဆရာတော် (သို့) ရဲဝံ့စွန့်စား သာသနာ့အာဇာနည်တစ်ပါး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးရာငါးဆယ်ဆရာတော် (သို့) ရဲဝံ့စွန့်စား သာသနာ့အာဇာနည်တစ်ပါး







မြန်မာနိုင်ငံအတွင်းမှာ NLD အစွန်းရောက်တွေက အကြမ်းဖက်လုပ်ရပ်တွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ ကာလအတွင်းမှာ ဒေသခံပြည်သူများကို ကူညီကယ်တင်ရင်း ထင်ပေါ်ကျော်ကြားလာတဲ့ ဆရာတော်တစ်ပါးလို့ ဆိုလိုက်တာနဲ့ အားလုံးက ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)ကို ပြေးမြင်ကြမှာပဲ ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာ NLD အစွန်းရောက်တွေက ကိုယ့်ရွာသားအချင်းချင်း နိုင်ငံရေးအမြင်မတူတာကို အကြောင်းပြု ရန်ရှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်လာချိန်မှာ အကူအညီတောင်းခံလာသူတွေကို ဆရာတော်ဟာ သက်စွန့်ဆံဖျား သွားရောက်ကယ်တင်ရင်းက ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်ဟာ KIA, PDF အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့နေရသူတွေရဲ့ ခိုလှုံရာ ဖြစ်ခဲ့ပါတယ်။

အဲဒီကနေ အစပြုလိုက်တာ တန့်ဆည်သာမက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အမြို့မြို့အနယ်နယ် က အကြမ်းဖက်ဘေးကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ဆရာတော်ရဲ့ကျောင်းမှာပဲ ကူညီကယ်တင် စောင့်ရှောက် ရှာဖွေကျွေးမွေးခဲ့တယ်။

အကြမ်းဖက်ဘေးရှောင် ပြည်သူတွေ များပြားလာတာနဲ့အမျှ တာဝန်ရှိသူတွေကို ချိတ်ဆက်အကူအညီတောင်းခံပြီး ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်း ပေးခဲ့တယ်။ ဒီမှာတင် မပြီးဘူး။ ဒီအတိုင်း လည်ဆင်းခံနေလို့ကတော့ အကြမ်းဖက်ဘေးအန္တရာယ်ဟာ တစ်နေ့မဟုတ် တစ်နေ့ ကျောင်းတိုက်ရောက်လာမယ်။ KIA, PDF အကြမ်းဖက်အုပ်စုများကလည်း ဆရာတော်ကို ဆုငွေထုတ်ပြီး သတ်ခိုင်းတာမျိုးအထိ ဖြစ်လာခဲ့တယ်။

နီပိန်းတွေရဲ့ လူမှုစာမျက်နှာများမှာလည်း ဆရာတော်ကို (ပျူစောထီး ဝါသဝ) လို့ နာမည်ဖျက်ပြီး အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် အစဉ်တစိုက် လုပ်ခဲ့ကြတယ်။ သို့သော် လူ့အသက်တွေကို ကယ်ဆယ်ခြင်းဟာ ကြီးမားသော ကုသိုလ်ဖြစ်တာကို ဘုရားသားတော် တစ်ပါးဖြစ်တဲ့ ဆရာတော် သိတယ်။ ဒါကြောင့် အကြမ်းဖက်အဖွဲ့များက မည်သို့ပင် ခြိမ်းခြောက်နေစေကာမူ အကြောက်တရားကိုဖျောက် ဒေသခံပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို စွမ်းနိုင်သမျှ ကယ်တင်ဖို့ ကြိုးစားခဲ့တယ်။

အကြမ်းဖက်အန္တရာယ်ကို မေတ္တာနဲ့ ကာကွယ်သလို တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အဖောက်ပြားသော သစ္စာတရားနဲ့လည်း ကာကွယ်မှ ရမယ်။ သာသနာ့အလင်းရောင်ကျောင်းတိုက်မှာ ခိုလှုံလာကြတဲ့ ရပ်နီး/ရပ်ဝေး အမြို့မြို့၊ အနယ်နယ်က ပြည်သူတွေကို ပြည်သူ့စစ်ဖွဲ့နိုင်ဖို့ စတင်စီစဉ်ပေးတယ်။ ကျောင်းတိုက်မှာ ခိုလှုံနေသူများကို ပြည်သူ့စစ်သင်တန်း လာရောက်ပို့ချပေးဖို့ တာဝန်ရှိသူများကို သွားရောက်တောင်းဆိုတယ်။ တာဝန်ရှိသူများကလည်း ဆရာတော်၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးတယ်။

သာသနာ့အလင်းရောင်ကျောင်းတိုက်မှာ သန္ဓေတည်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တန့်ဆည်မြို့နယ်ထဲက ကိုယ့်ရပ်ကိုယ်ရွာကို ပြန်ကြတယ်။ KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တိုင် ခုခံကာကွယ်ကြတယ်။ နောက်တော့ ဆရာတော်ဟာ ရွာတိုင်းမှာ ပြည်သူ့စစ်ရှိရင် KIA/PDF အလွယ်တကူ ဝင်ရောက် ဖျက်ဆီးလို့ မရနိုင်တော့ဘူး။ ဒီလုပ်ငန်းစဉ်ဟာ မဖြစ်မနေ လုပ်မှဖြစ်မယ်လို့ သန္ဓိဋ္ဌာန်ချပြီး ရွာစဉ်လှည့်ကာ ပြည်သူ့စစ်များ ဖွဲ့စည်းကြဖို့ တရားဟောရတယ်။ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူတွေ ဆရာတော်ရဲ့သြဝါဒအတိုင်း ပြည်သူ့စစ်ဖွဲ့ကြတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ကြတယ်။ KIA/PDF အကြမ်းဖက်သမားတွေ ရွာထဲကို ဝင်ချင်းတိုင်း ဝင်လို့မရတော့ဘူး။ ရွာသူ/ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ အလွယ်တကူ လုပ်လို့ မရတော့ဘူး။ ဒီလို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့စဉ်က KIA/PDF အကြမ်းဖက်သမားများက သူတို့ သတ်ချင်တဲ့ လူကို ဝင်ဖမ်းတယ်။ ရွာသူ/ရွာသား၊ ကလေးငယ်တွေ ရှေ့မှာ ခေါင်းဖြတ်သတ်တာ၊ လက်ဖြတ်၊ ခြေဖြတ် ရက်စက်စွာ လုပ်ခဲ့ကြတယ်။ တချို့ ကလေးငယ်တွေမှာဆို အခုထိ အဲဒီလို အဖြစ်ဆိုးမျိုးတွေကြောင့် စိတ်ဒဏ်ရာတွေ ရခဲ့ကြတယ်။

ဆရာတော်ရဲ့ စည်ရုံးဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူတွေဟာ အကြမ်းဖက်အုပ်စုတွေနောက်ကို မပါတော့ဘဲ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ အင်အားကောင်းလာတဲ့အခါ အကြမ်းဖက်အဖွဲ့များက ဆရာတော်ကို ပိုပြီး ပစ်မှတ်ထားလာကြတယ်။ ဆရာတော် သွားမယ့်လမ်းကြောင်းမှာ မိုင်းခွဲတိုက်ခိုက်ပြီး အကြိမ်ကြိမ် လုပ်ကြံခဲ့တယ်။ အများကောင်းကျိုး ပြုလုပ်နေတဲ့ ဆရာတော် အခုထိ ကံကောင်းနေတုန်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက ဆရာတော်ကို တိုက်ခိုက်ပြီးတဲ့အခါ ပျူစောထီး ဝါသဝ သေပြီ ဆိုတာမျိုး သတင်းလွှင့်တာတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့ကြတယ်။ သို့သော် ကောင်းတာလုပ်ရင် နတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက်တယ်လို့ ပြောရမလား။ အကြမ်းဖက်သမားများရဲ့ ချောင်းမြောင်း လုပ်ကြံတိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် ကြုံခဲ့ရသော်လည်း ဆရာတော် ဦးဝါသဝ ဘေးမသီ ရန်မခ အများအကျိုးအတွက် ဆက်လက်ဆောင်ရွက်နေဆဲပါပဲ။

ဆရာတော်ဟာ ဒေသကောင်းကျိုးအတွက် အသက်ကိုပင် ပဓာနထား စွမ်းစွမ်းတမံ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ ၂၀၂၂ ခုနှစ်မှာ ဆရာတော် ဦးဝါသဝ ကို လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆရာတော် ဦးဝါသဝ ကို ဇေယျာလူမှုထူးချွန်ဆု (ပထမအဆင့်) ချီးမြှင့် ပူဇော်ခဲ့သလို လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ ကိုယ်ကျိုးစွန့် ၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခဲ့ပါတယ်။ 

ယခုနှစ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇေယျာစီမံထူးချွန်ဆု (ပထမအဆင့်) ချီးမြှင့်ခဲ့သလို ဗုဒ္ဓကလျာဏယုဝအသင်း(YMBA) က မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခဲ့ပါတယ်။

ဆရာတော်ဦးဝါသဝ ဟာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းလုံ့လထုတ်ရုံမျှမက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့တာတွေကလည်း အထင်အရှား ရှိပါတယ်။ တန့်ဆည်နှင့် ကန့်ဘလူမြို့ကြား ဒေသခံပြည်သူများ သွားလာရေးအခက်အခဲ ကြုံနေရတာကို ဖြေရှင်းပေးနိုင်ဖို့ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတား နှစ်စင်း တည်ဆောက်ပေးခဲ့ပါတယ်။

ဒေသခံပြည်သူများသာ ဆရာတော်ရဲ့ စေတနာတွေကို နားလည်ကြမယ်ဆိုရင် ဒေသတွင်း အကြမ်းဖက်ဘေးအန္တရာယ်များ ကင်းဝေးမှာ ဖြစ်သလို ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုးအထွေထွေကို ရရှိခံစားကြရမှာ ဖြစ်ပါတယ်။ 

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးကို ပြည်ဖျက်မိစ္ဆာများက လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများကို ရဲဝံ့စွန့်စား ပြည်ချစ်သားများလို့ တင်စားသလို ဆရာတော်ကိုလည်း ရဲဝံ့စွန့်စား သာသနာ့အာဇာနည်တစ်ပါး အဖြစ် ဦးခိုက် ပူဇော်လိုက်ရပါသည်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)