မီးစတစ်ဖက် ရေမှုတ်တစ်ဖက် စံနှစ်မျိုးအောက်က ဆန္ဒပြကျောင်းသားများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် စံနှစ်မျိုးအောက်က ဆန္ဒပြကျောင်းသားများ



အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုလမ်ဘီယာတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ ယခုနှစ် ဧပြီလကစတင်ခဲ့တဲ့ တက္ကသိုလ်‌ကောလိပ်ဆန္ဒပြပွဲတွေဟာ ယခုအခါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေပါပြီ။ အစိုးရလက်ဝေခံလက်နက်ကုမ္ပဏီတွေကနေ အစ္စရေးကို လက်နက်မရောင်းဖို့အရေး၊ အကယ်ဒမစ်အဖွဲ့အစည်းတွေရဲ့ ဩဇာပါဝါကို ထိထိရောက်ရောက်အသုံးချဖို့အရေး တိုက်တွန်းရင်း အစ္စရေးနဲ့ အစ္စရေးကိုထောက်ခံတဲ့ အစိုးရတွေ၊ လက်နက်ကုမ္ပဏီတွေနဲ့ အစ္စရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ရပ်တန့်ဖို့ အမေရိကန်နဲ့ အနောက်အုပ်စုကျောင်းသား ကျောင်းသူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အလျင်အမြန်ကြီးထွားလျက် ရှိလာနေပါတယ်။


ပါလက်စတိုင်းတွေကိုယ်စား ဆန္ဒပြကြခြင်းဖြစ်

အမေရိကန်ကောလိပ် နယ်မြေတစ်လွှား ဆန္ဒပြပွဲတွေဟာ အင်္ဂလန်နိုင်ငံကို ကူးစက်ပြီး အနောက်ဥရောပ၊ နောက်တော့ လက်ဘနွန်၊ အိန္ဒိယနိုင်ငံတွေအပါအဝင် နိုင်ငံ ၂၅ နိုင်ငံက တက္ကသိုလ်ကောလိပ်တွေအထိ ပျံ့နှံ့သွားပါပြီ။ ပြည်နယ် ၄၅ ခုအထိ အကျုံးဝင်တဲ့ အမေရိကန်ကောလိပ်ပေါင်း ၁၄၀ နီးပါးက တက္ကသိုလ်ကျောင်းသားတွေဟာ ဂါဇာထိုးစစ်မှာ ပါလက်စတိုင်း ၃၄၇၀၀ ခန့်အထိ သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ကျူးလွန်မှုတွေကို ကမ္ဘာက လျစ်လျူ မရှုမိအောင် ပါလက်စတိုင်းလူမျိုးတွေ ကိုယ်စားထုတ်ဖော်နေကြခြင်းဖြစ်ပါတယ်၊၊ နောက်ပိုင်းသတင်း‌တွေအရတော့ ဟားမတ်စ်တွေရဲ့အကြမ်းဖက်မှုကြောင့် သူ့လူမျိုး ၁၂၀၀ ခန့်သေပြီး ၂၅၀ ဓားစားခံဖမ်းဆီးခံထားရတဲ့ အစ္စရေးကတော့ သူတို့ရဲ့ ဂါဇာထိုးစစ်ဟာ တရား တယ်၊ မျှတတယ်လို့ဆိုပါတယ်။

အစ္စရေးဘက်မှာ အမေရိကန်အပါအဝင် အင်္ဂလန်၊ ပြင်သစ်စတဲ့ အနောက်နိုင်ငံတွေက ထောက်ခံကြတယ်။ ပါလက်စတိုင်းမွေးကင်းစအပါအဝင် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို၊ ဆရာဝန်၊ သူနာပြု၊ သတင်းသမားမချန် သေကျေဒဏ်ရာရစေဖို့ လူသတ်လက်နက်မျိုးစုံ အစ္စရေးကို ထောက်ပံ့ရာမှာ အမေရိကန်က အဓိကလက်သည် ဖြစ်နေပါတယ်။ ယနေ့ ပါလက်စတိုင်းမြို့တွေ၊ ရွာတွေ၊ လူ့အသက်တွေ ပျက်စီးဆုံးရှုံးရာမှာ အဓိကက အမေရိကန်လက်ချက် မကင်းပါဘူး။ ဒါကြောင့်လည်း ဒီလိုမမျှတမှုတွေကို သက်ဆိုင်ရာအစိုးရတွေက ရပ်တန့် ကြဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာကြီးကသိဖို့ အမေရိကန် ကျောင်းသား ကျောင်းသူတွေဟာ သူတို့ကိုယ်တိုင် အဖမ်းအဆီးခံ၊ အနစ်နာခံပြီး လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်အတွေ့ခံပြီး ရှေ့တန်းက ပါဝင်လာကြခြင်းဖြစ်ပါတယ်။

စာရင်းတွေအရတော့ ကျောင်းသား ၂၅၀၀ ခန့်အထိ အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ ဂါဇာဒေသက ရာဖာအပေါ် အစ္စရေးက ထိုးစစ်ဆင်လိုက်တဲ့အခါ ဆန္ဒပြမှုတွေဟာ အစာငတ်ခံဆန္ဒပြကြတဲ့အထိ ပိုမိုဆိုးရွားတဲ့အခြေအနေ ဆိုက်ရောက်သွားပါတယ်။ ရာဖာကို ထိုးစစ်မလုပ်ဖို့ တစ်ကမ္ဘာလုံးက ဝိုင်းတားနေတဲ့ကြားက လုပ်တာဖြစ်တဲ့အတွက် အစ္စရေးရဲ့လုပ်ရပ်ဟာ အတော်လည်း ရက်စက်ရာကျသွားခဲ့ပါတယ်။


ပြည်တွင်းပြည်ပ သဘောထားပုံတွေမတူ

အခုလို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေမှာဖြစ်နေတဲ့ တက္ကသိုလ်၊ ကောလိပ်လှုပ်ရှားမှုတွေဟာ အမေရိကန်အတွက်တော့ ဆက်တိုက် ဆိုသလို ဂုဏ်သိက္ခာကျဆင်းနေတဲ့ စိန်ခေါ်မှုများစွာထဲက မဟာစိန်ခေါ်မှုအဆင့်တစ်ခုအထိ ရောက်ရှိသွားပါတယ်။ ကျောင်းသားကနေ အလုပ်သမား၊ လယ်သမားစတဲ့ လူထုလူတန်းစား ပေါင်းစုံပါဝင်လာမယ့် အရိပ်အယောင်တွေကိုလည်း တွေ့လာနေရတယ်။ ယူကရိန်းစစ်ကြောင့်နဲ့ အစ္စရေး-ဟားမတ်စ်စစ်ကြောင့် လူကြိုက်နည်းလာနေတဲ့ သမ္မတဘိုင်ဒင်ဟာ အခုလို လူငယ်ပညာတတ်တွေရဲ့ ဆန္ဒပြပွဲတွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အရှုံးနဲ့ တာ့တာပြသွားနိုင်တဲ့အထိ အမေရိကန်နိုင်ငံရေးအပေါ် သက်ရောက်မှုကြီးမှာကတော့ သေချာပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံရေးသမားတွေဟာ ဒီလောက်အရေးကြီးတဲ့ ပညာတတ်ကျောင်းသားတွေရဲ့ သဘော ကွဲလွဲမှုအပေါ် ဘာဖြစ်လို့ အကြမ်းပတမ်း ကိုင်တွယ်ပြီး အင်အားသုံးဖြိုခွင်းနေကြပါသလဲ၊ မြန်မာနိုင်ငံအပါအဝင် အီရန်၊ ဗင်နီဇွဲလားတို့လို နိုင်ငံတွေရဲ့ ပြည်တွင်း‌ရေးတွေမှာထားတဲ့ သဘောထားနဲ့မတူဘဲ အခုဆန္ဒပြပွဲတွေမှာ အမြင်မတူတဲ့ သူ့နိုင်ငံသားတွေကို အစိုးရက ဘယ်လို သဘောထားနေသလဲ၊ သိသာထင်ရှားတဲ့ ဘက်လိုက်မှုတွေ၊ မမျှတမှုတွေကိုသာ တွေ့လာရမှာပါ။


တံဆိပ်ခတ်ပုံချင်းလည်းမတူ

အမေရိကန်အစိုးရနဲ့ ဂျူးအဖွဲ့ အစည်းတွေက ကျောင်းသားတွေကို အစွန်းရောက်တွေ၊ တစ်ယူသန် အသုံးချခံတွေအဖြစ် သမုတ်ခဲ့ကြတယ်။ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာဟောပြောခွင့်၊ မီဒီယာလွတ်လပ်ခွင့်ဆိုတာတွေက ဟိုမှာတစ်မျိုး၊ ဒီမှာတစ်မျိုး စကားလုံးလှလှ လေး‌တွေနဲ့လှည့်စားပြီး သူ့အလှည့်၊ ကိုယ့်အလှည် စံနှစ်မျိုးဖြစ်မနေဘူးလား။ ဝေဖန်သံတွေ သောသောညံလာလည်း ဂရုမစိုက်နိုင်တော့တဲ့အထိဖြစ်လာတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ သူတို့နိုင်ငံသား၊ သူတို့ကျောင်းသားတွေရဲ့အမြင်ထက် ဂျူးတွေရဲ့အမြင်ကို ပိုပြီး အလေးထားပုံရပါတယ်။ ဂါဇာမှာ အဖိနှိပ်ခံ ခွဲခြားဆက်ဆံခံနေရတဲ့ ပါလက် စတိုင်းတွေကို လျစ်လျူရှုပြီး သူတို့နိုင်ငံတွင်းက ဂျူးတွေကိုတော့ မူဆလင်တွေက ခွဲခြားဆက်ဆံနေတယ်ဆိုပြီး ဂျူးတွေ အပေါ် စာနာနေကြပြန်ပါတယ်။

အမှန်တကယ်က အနောက်နိုင်ငံ နိုင်ငံရေးသမားတွေဟာ ဂျူးသူဌေးတွေရဲ့ ပါဝါကို မလွန်ဆန်ဝံ့ပါဘူး။ ဂျူးအရင်းရှင်တွေရဲ့ ဩဇာဟာ အနောက်ဒီမိုကရေစီ နိုင်ငံရေးအပေါ် သက်ရောက်မှုပြင်းထန်ပါတယ်။ ဒါကြောင့်လည်း တစ်ဖက်မှာ အားနည်းသူကိုဖိနှိပ်ပြီး တစ်ဖက်က အားကြီးသူဘက်မှာ ရပ်တည်ပြနေရတာဖြစ်ပါတယ်။ ဆန္ဒပြကျောင်းသားတွေကို အမုန်းဖြန့်ဝေသူတွေအဖြစ် စွပ်စွဲနေပေမယ့် အမေရိကန်မလိုလားတဲ့ ပြည်ပအစိုးရ ဆန့်ကျင်ပုန်ကန်သူတွေကိုတော့ အမုန်းလှုံ့ဆော်သူတွေအဖြစ် တံဆိပ်ကပ်တာ မတွေ့ရပြန်ပါဘူး။ ဒါပေမဲ့လည်း ကျောင်းသားတွေဟာ သူတို့အနေနဲ့အစ္စရေးကို မမုန်းပါ၊ ဇီယွန်ဝါဒကိုလည်း မဆန့်ကျင်သလို ဟားမတ်စ်ကိုလည်း မထောက်ခံဘူးလို့ တုံ့ပြန်ပြောဆိုပြီး ဖြစ်ပါတယ်။ သူတို့လိုချင်တာက တရားမျှတမှုသာဖြစ်လို့ ပါလက်စတိုင်းဘက်က ထောက်ခံနေခြင်းဖြစ်တယ်၊ အဓိကက အသေအပျောက်များတဲ့ စစ်ပွဲတွေရပ်ဖို့ပဲ လို့ ဆိုပါတယ်။


ငါနဲ့မတူ ငါ့ရန်သူ ဒီသဘောပါပဲ

အမေရိကန်တို့ဟာ ဟားမတ်စ်တွေကို အကြမ်းဖက်တွေအဖြစ် အမြဲသတ်မှတ်ပါတယ်။ ဒါပေမဲ့ အမေရိကန် အထောက်အပံ့ရယူပြီး အကြမ်းဖက်လုပ်ငန်းတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် တွေကိုတော့ ဒီမိုကရေစီသူရဲကောင်းဘွဲ့ပေးပြီး လျစ်လျူရှုနိုင်နေပြန်တယ်။ တရားမျှတမှုအတွက် သူ့နိုင်ငံသား တိုက်ပွဲဝင်ကျောင်းသားတွေကိုတော့ ဒီမိုကရေစီသူရဲကောင်းဘွဲ့ပေးဖို့ မေ့လျော့ နေပြန်တယ်။ အခြားနိုင်ငံတွေမှာ ဆူပူအုံကြွ အကြမ်းဖက်သူတွေအပေါ် နှိမ်နင်းတဲ့အစိုးရတွေကို အာဏာရှင်အဖြစ် လွယ်လွယ်ခေါင်းစဉ်တပ်ပေမယ့် သူတို့ကိုယ်တိုင်က ငြိမ်းချမ်းစွာ ဆန္ဒပြ‌သူ တွေကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းလို့ အာဏာရှင်အကြမ်းဖက်သမားရယ်လို့ အများရဲ့ဝေဖန်မှုတွေကိုတော့ ဂရုမစိုက်ပြန်ပါဘူး။

ဒါဟာ စကားနှစ်ခွ၊ မူအမျိုးမျိုးနဲ့ လုပ်ချင်တိုင်းလုပ်နေကြတဲ့သဘောပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ပြီး သတင်းဌာနတွေကို ဘက်လိုက်ပြီး ဖွင့်လိုက်၊ ပိတ်လိုက် လုပ်တတ်တာလည်း သူတို့ပဲ။ အမေရိကန်ပြည်တွင်းနိုင်ငံရေးမှာ ပုံစံမျိုးစုံနဲ့ ဖိနှိပ်မှု၊ လူမှုရေးအရ တရား မမျှတမှုတွေကို အနှစ်မပါတဲ့ နိုင်ငံရေး ကြွေးကြော်သံတွေနဲ့ ဖုံးအုပ်ထားလေ့ ရှိကြတယ်။ တကယ့်သူတော်ကောင်းယောင်ဆောင်တဲ့ သီလကြောင် (hypocrites) တွေပါ။ အမှန်က လွတ်လပ်စွာပြောဆိုရေးသားခွင့် (freedom of speech) ဟူသည် အမေရိကန်ရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ ယခုအချိန်မှာ ဒီမိုကရေစီရဲ့ ပြယုဂ်အဖြစ် ၎င်းဂုဏ်ယူစရာအချက်ကြီးဟာ တဖြည်းဖြည်း ရွေ့လျောကျဆင်းနေပါပြီ။ ပြည်သူတွေဟာ သူတို့နိုင်ငံမှာ အမှန်တရားကို လွတ်လပ်စွာပြောဆိုရေးသားခွင့်နည်းပါးလာပြီလို့ ယူဆလာ နေကြပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အ‌ပြောတစ်မျိုး၊ အလုပ်တစ်မျိုး ကြွေးကြော်သံတွေအပေါ်မှာ ငြီးငွေ့စ ပြုနေကြပါပြီ။


သင်ခန်းစာယူသင့်

အဓိကအချက်က ယနေ့အမေရိကန် ကျောင်းသားတွေရဲ့လှုပ်ရှားမှုမှာ အစိုးရရဲ့ ဖြေရှင်းမှုတွေနဲ့ပတ်သက်ပြီး သင်ခန်းစာယူသင့်တာ ယူနိုင်ဖို့ပါပဲ။

ပထမတစ်ချက်က စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ ကောက်ကျစ်ယုတ်မာမှုတွေနဲ့သာပြည့်နေတယ်။ စံနှစ်မျိုး (double standard)၊ မူဝါဒနှစ်မျိုးအောက်မှာ လူ့အခွင့်အရေးတို့၊ လွတ်လပ်စွာ ကွဲလွဲခွင့်တို့ဆိုတာ တကယ်တော့ တန်ဖိုး ထားတတ်မှသာ အလုပ်ဖြစ်တယ်ဆိုတာ တွေ့ရတယ်။

ဒီစကားလုံးတွေဟာ အမျိုးသားအကျိုးစီးပွား၊ မိမိအတ္တနဲ့ မိမိအကျိုး စီးပွားနောက်မှာပဲ နေရာပေးခံရ၊ အသုံးချခံရတဲ့ လက်‌တွေ့မပါတဲ့စကားလုံးသာသာမျှဖြစ်တယ်ဆိုတာ ယနေ့မျိုးဆက်သစ်တို့ သဘောပေါက်နားလည်ကြဖို့ပါ။

နောက်သင်ခန်းစာတစ်ခုက ဆန္ဒပြပွဲတွေအပေါ် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုပုံစံပါ။ သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုဟာ ရှိစမြဲပါပဲ။ ဆန္ဒပြကျောင်းသားအများအပြား ထောင်နဲ့ချီ ဖမ်းဆီးခံရတယ်။ အချို့ကျောင်းသားတွေဟာ ကျောင်းအာဏာပိုင်တွေရဲ့ အကျပ် ကိုင်ခြိမ်းခြောက်ခံရပြီး ကျောင်းသားဘဝဆုံးရှုံးရတဲ့အခြေအနေအထိ ရောက်သွားနိုင်ပါတယ်။ နိုင်ငံအတွက်၊ အများအတွက် ဘယ်လိုဦးတည်တယ်ပြောပြော အမွန်အမြတ်လှူမယ့် ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဆိုးသွမ်းလူမိုက်တွေ ရောနှောပါလာတဲ့အခါ အများပိုင်ပစ္စည်းတွေ တမင်ဖျက်ဆီးခံရတဲ့အထိ မလိုလားအပ်တဲ့ အဖျက်အမှောင့်တွေပါ ဒွန်တွဲပါလာတတ်ပါတယ်။ ရည်ရွယ်ချက်အမှန်နဲ့ အမှန်အကန်သမားတွေပါ သိမ်းကျုံးအဖမ်းခံရ၊ အပစ်ခံရ၊ သေကျေ ဒဏ်ရာရတဲ့အထိ ဆိုးကျိုးသက်ရောက်မှု များစွာ ကြုံတွေ့ရနိုင်ပါတယ်။

အမေရိကန်ကျောင်းသားဆန္ဒပြပွဲအချို့ကိုကြည့်ရင် အကြမ်းဖက်မှု တစ်စုံတစ်ရာမရှိဘဲနဲ့တောင် ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခံရတာတွေလည်း ရှိခဲ့ပါတယ်။ မှန်တယ်ပြောပြော၊ မှားတယ်ဆိုဆို နောက်ဆုံးတော့ တာဝန်အရ အများပြည်သူအကျိုးငှာ တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရတာဝန်ရှိသူတွေဘက်က သူ့အလုပ်သူလုပ်ကြတဲ့ သဘောရှိပါလားလို့လည်း ဆင်ခြင်နိုင် စွမ်းရှိရပါမယ်၊ သင်ခန်းစာယူနိုင်ရပါမယ်။

တစ်ခုသတိထားရမှာက မတူကွဲပြား ခြားနားမှုများစွာရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘယ်တော့မှ ကိုယ့်သဘောတစ်ခုတည်း၊ ကိုယ့်အယူဝါဒ တစ်ခုတည်းဆုပ်ကိုင်ထားရုံနဲ့မပြီး နိုင်ဘူးဆိုတဲ့အချက်ပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသလို ဆန့်ကျင်ဘက်အမြင်တွေ၊ ဆန့်ကျင်ဘက်အဖွဲ့တွေဟာ တစ်ပါတည်းပေါ်လာပြီး ပွဲလန့်တုန်းဖျာခင်း နေရာယူလာတတ်ပါတယ်။ အခု အမေရိကန်လူ့အဖွဲ့အစည်းမှာ ပါလက်စတိုင်းဘက်က ထောက်ခံ ဆန္ဒပြကြတာတွေရှိတယ်၊ ဂျူးထောက်ခံတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ထွက်လာတယ်။ အဆုံးမှာ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခအသွင်တွေနဲ့ ရန်ဘက်လူ့အဖွဲ့ အစည်းတွေသာ ဖြစ်သွားတော့မှာပါ။

သို့ပေမဲ့ မှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့ လူငယ်တွေအနေနဲ့က ကွဲပြားမှုတွေကြားမှာ ကြားညပ်မခံဘဲ သားကောင်ဖြစ်မယ့် နောက်ဆက်တွဲအခြေအနေဆိုးတွေကို အမြော်အမြင်နဲ့ ရှောင်ရှားတတ်ရပါမယ်။ ညောင်သီးလည်းစား လေးသံလည်းနားထောင်ဆိုသလို အချို့အရာတွေဟာ မိမိတို့ရဲ့ ဘဝတွေနဲ့ အလဲအထပ်လုပ်သင့်သလား ပြန်ကြည့်ရပါမယ်။

အချုပ်အားဖြင့်တော့ ဤဆောင်းပါးက အမေရိကန်ကောလိပ်တွေဆီက ပညာတတ်တွေရဲ့ ဆန္ဒပြပွဲတွေဆီကနေ ရနိုင်တဲ့သင်ခန်းစာတွေကို ယနေ့လူငယ် တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်အောင် တင်ပြလိုရင်းက အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံးက အမေရိကန်မှာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့အညီ ကျောင်းသားတွေ ဆန္ဒပြခွင့်ရနေရဲ့လားဆိုတာပါပဲ။ မီးစတစ်ဖက် ရေမှုတ် တစ်ဖက်နဲ့လူတွေဆီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ရပိုင်ခွင့်ကို တောင်းယူခြင်းဟာ အတော်သတိထားရမယ့်ကိစ္စအဖြစ် နားလည်သဘောပေါက်ရပါမယ်။

ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစကား မပါရင်မပြီးတဲ့ အမေရိကန်အစိုးရကို ဆန္ဒပြနေကြတဲ့ အမေရိကန်ကျောင်းသား ကျောင်းသူတွေဟာ ရဲရင့်သူတွေဖြစ်ပါတယ်။ ထို့အတွက် ကမ္ဘာရဲ့ အခြားတစ်ဖက်ခြမ်း နေရာများစွာမှာ သင်တို့အစိုးရရဲ့လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ လူသတ်အကြမ်းဖက်တွေကို အားပေးထောက်ပံ့နေမှုတွေကိုလည်း မြင်အောင်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

မိမိတို့လူငယ်တွေကတော့ စံနှုန်းနှစ်မျိုးထားတတ်တဲ့လူတွေနဲ့ မူဝါဒတွေကို မြင်အောင်ကြည့်ကြဖို့သာ အကြံပြုပါရစေ။ သူများအတ္တအတွက်၊ သူများနိုင်ငံရေးအတွက် အသုံးချခံဖြစ်နေသလား၊ အမြတ်ထုတ်‌ခံနေရသလား အမြင်ရှင်းရပါမယ်။ မသမာသူတို့ရဲ့ ထိုးကျွေးခံဘဝအဖြစ်နဲ့လည်း အမိုက်မှောင်မှာ အဆုံးသတ်မခံပါနဲ့။ သိအောင်လေ့လာပြီး အမြင်မှန်၊ အတွေးမှန်ကြဖို့ စေတနာသာလျှင် အဓိကဖြစ်ပါလိမ့်မယ်။ ။


မြင့်မြတ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)