ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲတက်ရောက်




စစ်တွေ  ၊  မေ  ၁၈


ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုင်ဂူတော်အတွင်းရှိ ဗုဒ္ဓဆင်းထုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များကို အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်နယ် ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်ကြပြီး စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ဩဝါဒကထာနာယူကြသည်။


ထို့နောက် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဒဿနိယက ပဋ္ဌာန်းတရားတော်နာကြားရန် နတ်ဗြဟ္မာများအားဖိတ်ကြားသည့် ဒေဝနိမန္တနဂါထာအား ရွတ်ဖတ်ပြီး ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးဂါထာအား ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ စာချဆရာတော် ဘဒ္ဒန္တဂန္ဓမာလင်္ကာရက ပဋ္ဌာန်းအမွှန်းဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်၍ ဘာဏက သံဃာများက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်အား စတင်ဖွင့်လှစ်ရွတ်ဖတ်ပူဇော်ကြသည်။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မေလ (၁၇) ရက်နေ့မှ (၂၂) ရက် (ကဆုန်လပြည့် ဗုဒ္ဓနေ့ထိ) ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)