ရန်ကုန်၊ မေ ၂၉
ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲနောက်ဆုံးဆင့် ဖြေဆိုယှဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
အစီအစဉ်အရ မေ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သော မဟာဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းဆင့်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကိုကြေညာ၍ နောက်ဆုံးဆင့်ဖိုင်နယ်ပြိုင်ပွဲဝင်ခြောက်ဦးမှ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်ဆင့်ကို ယှဉ်ပြိုင်ကြသည်။
ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲဖိုင်နယ်အဆင့် အမေး/အဖြေ ဖြေဆိုခြင်းဆိုင်ရာ(ပွဲစဉ်-၄)တွင် ပြိုင်ပွဲဝင်ခြောက်ဦးသည် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာ အထွေထွေဗဟုသုတမေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် အလယ်တန်း(ဖိုင်နယ်ဆင့်)ဖြေဆိုပူဇော်ပွဲကို ဆက်လက်ကျင်းပပြီးနောက် အစီအစဉ်အရ အလယ်တန်းတစ်နိုင်ငံလုံးရမှတ်အများဆုံး(၂၀)ဦးကိုလည်းကောင်း၊ မူလတန်း(စာဖြေဌာနအလိုက်) ပထမဆုရှင်တို့ကိုလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အလယ်တန်းဆင့်ပြိုင်ပွဲကြီး၏ ရလာဒ်များကိုကြေညာပြီး အလယ်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမဆုများအပါအဝင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးနှင့် နည်းပြများကိုဆုချီးမြှင့်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖြေဆိုပူဇော်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
မေ ၂၉ ရက်နေ့တွင် ဗုဒ္ဓဝံသဗဟုသုတဓရဘွဲ့ရကျောင်းသားကျောင်းသူများကို ဘွဲ့အပ်နှင်းခြင်းဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အလယ်တန်းဆင့် ပထမဆုရှင်၏ ကျပ်သိန်း ၁၂၀+၆၀ မေးခွန်းများ ဖြေဆိုပူဇော်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment