ချင်းမိုင်၊ မေ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၁၄-၅-၂၀၂၄ ရက်၊ (၁၁ ၀၀) နာရီအတွင် ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn အား မြို့တော်ဝန်ရုံး၌ လည်းကောင်း၊ (၁၄ ၀၀) နာရီတွင် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Nirat Pongsitthaworn အား ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က ရှေးရာစုနှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသားများနှင့် ချင်းမိုင်(ဇင်းမယ်)အပါအဝင် ယနေ့ခေတ် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတို့အကြား ကူးလူးဆက်ဆံမှုများ အလွန်များပြားခဲ့ရာ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းတို့တွင် တူညီမှုမှုများစွာ ရှိပြီး ရှေးယခင်ကတည်းကပင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထူထောင်ထားနိုင်ခဲ့သည့်ကိစ္စ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အလားအလာများ၊ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ယူဆောင်ရွက်နေ သည့် ထိုင်းနိုင်ငံမြောက်ပိုင်း (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသကြီး အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော မြန်မာနိုင်ငံမှ ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အဓိကဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့အပြင် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေမှုများအပေါ် ရှင်းလင်း ဆွေးနွေးခြင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံသားများအတွက် အဓိကတာဝန်ယူဆောင်ရွက် ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန် တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ချင်းမိုင်တွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာအလုပ်သမားများအား လိုအပ်သည့် အကူအညီများ၊ စောင့်ရှောက်မှုများ ပေးအပ်ရာတွင် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ချင်းမိုင် မြို့တော်ဝန်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment