ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် တက်ရောက်







နေပြည်တော်၊ မေ ၂၁

မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယမန်နေ့က မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ခရီးစဉ်ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် မြှင့်တင်ကြော်ငြာရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းအပေါ် သုံးသပ်ချက်များ၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ မန္တလေးတိုင်းဒေသကြီးကို ကမ္ဘာကသိသော ခရီးစဉ်ဒေသကြီး တစ်ခုအဖြစ် ဆောင်ရွက်သွားရမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်ခဲ့မှုအခြေအနေများ၊ ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အလားအလာကောင်းများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် ASEAN Tourism Award ဆုရရှိသော Rupar Mandalar Hotel နှင့် The View@Dattawgyaink Hotel တို့ကို ဆုများချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်ရာတွင် အဆင်ပြေစေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အမရပူရမြို့နယ်အတွင်းရှိ ဦးပိန်တံတားသို့ သွားရောက်ပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေး စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ မြနန်းစံကျော်ရွှေနန်း တော်ကြီး၌ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးနှင့် Tour package များ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဆွဲဆောင်ရာ နေရာများဖြစ်သည့် ကျောက်တော်ကြီးဘုရားနှင့် ကုသိုလ်တော်ဘုရားတို့တွင် ဘုရားဖူးခရီးသွားများ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာရွှေမြို့တော် ဟိုတယ်၌ ကျင်းပသည့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်၏ Business Matching အစီအစဉ်သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

ယင်းနောက် FAM Trip အသင်း အဖွဲ့များကိုယ်စား မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. David Liu ၊ မီဒီယာများကိုယ်စား Ms. Wan Zi Jing The Tourist Information (Editor in Chief)၊ ခရီးသွား အေဂျင်စီများကိုယ်စား Mr. Li Ru Can (YASO Travel)မှ အကြီးအကဲတို့က သွားရောက်ခဲ့သည့်ခရီးစဉ်များအလိုက် တွေ့ကြုံခဲ့ရမှုနှင့် လေ့လာခဲ့ရမှု အခြေအနေများ၊ တရုတ်နိုင်ငံမီဒီယာများတွင် မြှင့်တင်ကြော်ငြာပေးသွားမည့် အခြေအနေများ၊ တရုတ်ခရီးသွားများ လာရောက်ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကိုယ်စားလှယ်အဖွဲ့များကို အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)