ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့


ဗန်းမော်၊ မေ ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား မိုးမကျမီ အမိုးအကာအောက် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက ဗန်းမော်မြို့သို့ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးခဲ့သည်။

‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ လေဆိပ်မှတစ်ဆင့် အမှတ် (၂၁) စစ်ဆင်‌ရေးကွပ်ကဲ‌ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး တင်မင်းလတ်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဗန်းမော်မြို့ (၃) မိုင်ရပ်ကွက်အတွင်းရှိ ရှမ်းစာပေယဉ်ကျေးမှုရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီ ခိုလုံရာစခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ မိမိတို့၏ နေရပ်ကျေးရွာ များကို စွန့်ခွာခဲ့ပြီး ယခုလို လာရောက်ခိုလုံနေထိုင်ရသည့်အတွက် အခက်အခဲနှင့် လိုအပ်ချက်များ စွာရှိနေမည်ဖြစ်ပါကြောင်း၊ ယနေ့ မိသားစုများ၏ နေထိုင်စားသောက်ရေးမှု အဆင်ပြေစေ‌ရေး၊ မကြာမီ မိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက် အမိုးအကာအောက်တွင် လုံခြုံစွာနေထိုင်နိုင် ရေး စီစဉ်‌ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအပေါ် တတ်နိုင်သလောက်ပံ့ပိုးကူညီနိုင်ရေး၊ ထို့အပြင် အရေးကြီးဆုံးဖြစ်သည့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန်နှင့် မိသားစုများ၏ အခက်အခဲ၊ လိုအပ်ချက်အားလုံးကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆိုပါ ယာယီ တိမ်းရှောင်စခန်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၅၅)စုတို့အတွက် စုစုပေါင်း ငွေကျပ် (၅၀၃၂၅၀၀) တန်ဖိုးရှိ တစ်အိမ်ထောင်လျှင် ဆန် (၁) အိတ်၊ ကြက်ဥ ၁၀ လုံး၊ ဆီတစ်ဘူးစီ တို့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ခေါက်ဆွဲခြောက်၊ ဂေါ်ဖီထုတ်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် တစ်လစာဆန်ရိက္ခာဖိုးအဖြစ် ငွေကျပ် (၁၇၇၃၀၀၀/-) တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ ယာယီစခန်းအတွင်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ယင်းနောက် ယာယီစခန်းအတွင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တိမ်းရှောင် ပြည်သူများအတွက် လူသုံးကုန်ပစ္စည်း (ဆပ်ပြာအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ် သင်ကြားနေမှုကိုလည်းကောင်း၊ စခန်းအတွင်း အိမ်ထောင်စုများအတွက် ယာယီနေထိုင်လျက်ရှိသည့် နေအိမ်တန်းလျားများအတွင်း ပြုပြင်ပေးရန်ကိစ္စရပ်များနှင့် ကလေးပျော်အဆောင်အား တိုးချဲ့ဆောက်လုပ်နိုင်ရေး၊ ရေအိမ်သာများ ထပ်တိုးတည်ဆောက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဌာနဆိုင်ရာများ၊ စခန်းတာဝန်ခံများနှင့် မိုးမကျအမြန်ဆုံးဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် နယ်မြေလုံခြုံရေးအခြေအနေအရ ဗန်းမော်မြို့သို့ ယာယီတိမ်းရှောင်လာကြသည့် မံစီ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာနေများတွင် တာဝန်ကို ကျေပွန်စွာ ထမ်း‌ဆောင်နိုင်ခဲ့ကြပြီး နယ်မြေအခြေအနေအရ ယခုလိုတိမ်းရှောင်လာခဲ့ရာတွင် ဝန်ထမ်းမိသာစုများ၏ အခက်အခဲ၊ လိုအပ်ချက်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် စိတ်အားငယ်မှုမဖြစ်စေဘဲ နိုင်ငံ့တာဝန် များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားမိသားစုများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ မြို့တော်ခန်းမဝင်းအတွင်း စည်ပင်သာယာရေး အဖွဲ့ပိုင် ပျိုးဥယျာဉ် (၁)နှင့် (၂)တို့အတွင်း မြို့စိမ်းလန်းစိုပြေလှပရေးအတွက် အလှပန်းပင် အမျိုး မျိုးနှင့် အရိပ်ရပျိုးပင်များပြုစုပျိုးထောင် စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် သုခဝတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ယာယီတိမ်း‌ရှောင်မိသားစုများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားသည်။

ဆက်လက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၄၆၈ ဦးတို့အတွက် ငွေကျပ် ၁၅၉၂၁၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ ဂေါ်ဖီထုပ်၊ အာလူးများအား လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက အိမ်ထောင်စုများအတွက် တစ်လစာဆန်ရိက္ခာဖိုးအဖြစ် ငွေကျပ် (၄၂၁၂၀၀၀)ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအတွက် အာဟာရ ဖြည့်စွက်စာများအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် မိုးမကျမီ အမိုးအကာလုံခြုံစွာဖြင့် နေထိုင်စားသောက်နိုင်ရေး လိုအပ်သည့် ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန်ကိစ္စရပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် တာဝန်ရှိသူများကလည်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါစခန်း အတွင်းရှိ အမျိုးသမီးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြပြီး အိမ်ထောင်စုများ၏ သားသမီးများအတွက် မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက် သာသနာ့လင်းရောင်ခြည်ကျောင်းတိုက်သို့ သွားရောက်ပြီး အဆိုပါ ကျောင်းတိုက်အတွင်း ယာယီခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၂၄၉ ဦးတို့အတွက် ငွေကျပ် ၆၉၅၄၀၀၀/- တန်ဖိုးရှိ ဆန်အိတ် ၇၆ အိတ်၊ ဆီ ၇၆ ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဂေါ်ဖီထုပ်၊ အာလူးများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် တစ်လစာဆန်ရိက္ခာဖိုးအဖြစ် ငွေကျပ် (၂၂၄၁၀၀၀/-) ကို ထောက်ပံ့ပေးအပ်ပြီး စခန်းမိသားစုများအတွက် လိုအပ်လျက်ရှိသည့် ခြင်ထောင်နှင့် ခြုံစောင် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် မိသားစုများအနက် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ‌ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ထောင်စုများအား မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)