ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့


ဘားအံ မေ ၄


ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း ဝင်ရောက်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများနှင့် တိုက်ပွဲများဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူများသည် ဘားအံ၊ လှိုင်းဘွဲ၊ မြိုင်ကြီးငူ၊ ကမမောင်းဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။


ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ယာယီပြောင်းရွှေ့အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ ဦးသည် နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရပြီး စားသောက်နေထိုင်ရေးအဆင်ပြေစေရန် မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှဆောင်ရွက်၍မရဘဲ ဒေသခံများကိုယ်တိုင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့ပြည်သူများအနေဖြင့် ယာယီနေထိုင်သည့်ကာလအတွင်း စည်းစည်းလုံးလုံးနေထိုင်ကြစေလိုပြီး ရာသီဥတုပူပြင်းသည့်ကာလဖြစ်သည့်အတွက် ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ကြရန်၊ စည်းကမ်းနှင့်အညီနေထိုင်ပြီး တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုများကို နာခံ၍ ဆရာတော်ကြီးများနှင့် သက်ကြီးရွယ်အိုများ၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်၊ မိကရင်၊ လှာကဒေါင်၊ လှာကာ၊ အုန်းတပင်၊ လက္ခဏ၊ အိန္ဒဲ၊ ဗျက္ခ၊ စံဖရီး၊ လှာကမြင်ကျေးရွာအုပ်စုများတွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၃၉၅)စု၊ လူဦးရေ(၅၄၉၄)ဦးအတွက် ဆန် ၃၈၆၂ အိတ် ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့နေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၁)လီတာ၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦးတို့အား တစ်ဦးလျှင် ဆန်(၂)ဗူးနှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)