သင်ယူတတ်မြောက် လေ့လာအပ်ရာ လူမှုရေးပညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်ယူတတ်မြောက် လေ့လာအပ်ရာ လူမှုရေးပညာ


“ကိစ္စမြားမြောင် လူတို့ဘောင်”ဆိုသည့် ဆိုရိုးစကားအတိုင်း လူတစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းအလိုက် ဆောင်ရွက်ရသည့် လူမှုကိစ္စရပ်များနှင့် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအသိုင်းအဝိုင်းအတွင်း အခက်အခဲမရှိ အဆင်ပြေစွာ လုပ်ကိုင်‌ဆောင်ရွက်နိုင်ကြသူများ ရှိသော်လည်း စားဝတ်နေရေးအဆင်မပြေမှုများ၊ ငွေကြေးအခက်အခဲများ၊ အိမ်တွင်းအကြမ်းဖက်မှုများစသည့် လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသူများလည်း ရှိနေသည်။ တစ်ဖက်တွင်လည်း လူသားတို့အား ခြိမ်းခြောက်နေသည့် လူကုန်ကူးမှုအန္တရာယ်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ ကပ်ရောဂါဆိုင်ရာအန္တရာယ်များနှင့်လည်း ရင်ဆိုင်နေကြရသည်။

ထိုသို့ရင်ဆိုင်ကြုံတွေ့ရသူများအနက် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုး သမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ကို နိုင်ငံတော်ကပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဝန်ဆောင်မှုပေးရာတွင် စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ လူမှုရေးပြဿနာများကို မှန်ကန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ လူမှုရေးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြားနေခြင်း (Neutrality)၊ ဘက်မလိုက်ခြင်း(Impartiality)၊ ဘက်ပေါင်းစုံမှလွှမ်းခြုံကြည့်ခြင်း(Universility) အမြင်များဖြင့် ဆောင်ရွက်တတ်စေရန်အတွက်လည်းကောင်း၊ မိမိနှင့်ထိတွေ့ဆက်ဆံဆောင်ရွက်ရသည့် အစောင့် အရှောက်ခံ လူထုအနေဖြင့် မိမိအပြုအမူကြောင့် (Do No Harm) ဘေးဒုက္ခမဖြစ်စေရေး မူများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်အတွက် လူမှုရေးပညာရပ်ကို လေ့လာသင်ယူတတ်မြောက်ထားရန် လိုအပ်ပါသည်။

လူမှုရေးပညာရပ်ဆိုသည်မှာ လူသားများ၏ လိုအပ်ချက်များ၊ ပြဿနာများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများကို စာတွေ့လက်တွေ့လေ့လာသင်ယူရသော ဘာသာရပ်တစ်ခုဖြစ်သည်။ ထို့အပြင် လူမှုရေးပညာရပ်ကို သင်ယူခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ခွဲခြားဆက်ဆံမှု၊ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အခြားသောလူမှုရေးပြဿနာများကို နားလည်သဘောပေါက်စေပြီး လူတစ်ဦးချင်းစီ၏ လူမှုရေးပြဿနာများကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို လွယ်ကူစွာသိမြင်နိုင်စေ ပါသည်။

လူမှုရေးပညာရပ်ကို သင်ယူရာတွင် လူမှုရေး ဆိုင်ရာသီအိုရီများ၊ မူဝါဒများ၊ လူမှုဝန်ထမ်းသမား များလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ ဥပဒေမူဘောင်များ၊ မတူကွဲပြားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာစံနှုန်းများ၊ တစ်ဦးချင်း/ အုပ်စုလိုက်လေ့လာမှု အစီအစဉ်များ၊ ပြဿနာဖြေရှင်းခြင်းနည်းလမ်းများ အစရှိသည့် ဘာသာရပ်များကို စာတွေ့သင်ကြား ခြင်းအပြင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဂေဟာများသို့ လက်တွေ့ကွင်းဆင်း၍ ဆောင်ရွက်ခြင်းများပြုလုပ်ရသည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ လူမှုရေးပညာရပ်သည် လူမှုဝန်ထမ်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ လူမှုရေး ပြဿနာများကို ကောင်းစွာနားလည်၍ အပြုသဘောဆောင်သော တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်နိုင် ခြင်းနှင့် တရားမျှတ၍ သာတူညီမျှရှိသော လူမှုအဖွဲ့အစည်း တည်ဆောက်ခြင်းတို့၌ အထောက်အကူ ပြုစေနိုင်ခြင်းတို့ကြောင့် လေ့လာသင်ယူအပ်သော ပညာရပ်တစ်ခုပင်ဖြစ်သည်။


လူမှုရေးပညာရပ် ပေါ်ပေါက်လာပုံ

ဆင်းရဲနွမ်းပါးမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ကလေးအလုပ်သမားများတိုးပွားလာမှုစသော လူမှုရေးပြဿနာများကို တိုးမြင့်လာစေသည့် စက်မှုတော်လှန်ရေးနှင့် မြို့ပြအသွင်ဆောင်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းမှစတင်၍ လူမှုရေးပညာရပ်ကို လေ့လာသင်ယူလာကြသည်။ အမေရိကန်နိုင်ငံ၌ ၁၉ ရာစုနှောင်းပိုင်းတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက ၎င်းတို့အဖွဲ့အစည်းတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအား လုပ်ငန်းခွင်အကြို လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ သင်တန်းပေးခြင်းဖြင့်လူမှုရေး ပညာရပ် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

၁၈၉၈ ခုနှစ်တွင် New York School of Philan-thropy (ယခု Columbia University School of Social Work) ၌ လူမှုရေးပညာကို ပထမဆုံးဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် လူမှုရေးပညာရပ်ကို အသက်မွေးဝမ်းကျောင်း ပညာအဖြစ် အသိအမှတ်ပြုသည့် သိသာထင်ရှား သော ခြေလှမ်းအစပင်ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လူမှုရေးပညာရပ်သည် ပိုမိုဖွံ့ဖြိုးလာပြီး လူအများက စိတ်ဝင်စားလာ ခဲ့ကြသည်။ ၂၀ ရာစုအလယ်ပိုင်းတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ တက္ကသိုလ်များတွင် လူမှုရေးပညာရပ်ဆိုင်ရာဘွဲ့နှင့် ဘွဲ့လွန်အစီအစဉ်များ  ဖွင့်လှစ်သင်ကြားလာကြသည်။ ယနေ့ခေတ်တွင် နိုင်ငံအများအပြား၌ လူမှုရေးပညာရပ်ကို သင်ကြား ပေးသော တက္ကသိုလ်များ အများအပြားပေါ်‌ပေါက် လာနေပြီဖြစ်သည်။ အနာဂတ်တွင် တိုးတက်လာမည့် လူမှုရေးလုပ်ငန်းနယ်ပယ်များနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများကြောင့် ပြောင်းလဲလာသော နေထိုင်မှုပုံစံများ၏ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန်အတွက် လူမှုဝန်ထမ်းသမားများ ပိုမိုလိုအပ်လာနိုင်ပြီး လူမှုရေးပညာရပ်သည်လည်း မရှိမဖြစ် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်လာနိုင်သည်။


အာဆီယံဒေသတွင်း လူမှုရေးပညာရပ်

အာဆီယံဒေသတွင်း နိုင်ငံများအားလုံးနီးပါးတွင် လူမှုရေးပညာရပ်ကို သိပ္ပံ၊ ဝိဇ္ဇာနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ ပေါင်းစုသင်ကြားပေး လျက်ရှိသော တက္ကသိုလ်များတွင် ဘွဲ့သင်တန်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း၍လည်းကောင်း၊ သီးသန့်လူမှုရေးပညာဆိုင်ရာ တက္ကသိုလ်အဖြစ် လည်းကောင်း တည်ထောင်ပြီး ဘွဲ့ဒီဂရီ၊ မာစတာ ဒီဂရီနှင့် ပါရဂူဘွဲ့များအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် ဘရူနိုင်းနိုင်ငံတွင်မူ လူမှုရေးပညာဘွဲ့ဟု အမည်သတ်မှတ်သင်ကြားခြင်းမျိုး မဟုတ်သော်လည်း လူမှုရေးဗေဒ (Sociology) ဘွဲ့သင်တန်းအနေဖြင့် သင်ကြားဘွဲ့ပေးအပ်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

ထို့အပြင် အာဆီယံဒေသတွင်း၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း လူမှုရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်နှင့် လူမှုရေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာရပ်များ ဖလှယ်ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံလူမှုဝန်ထမ်းဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ (ASEAN Social Work Consortium-ASWC) ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ အာဆီယံအနေဖြင့် စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်း ဖြစ်ပေါ်စေရေးအတွက် လူမှုဝန်ထမ်းလုပ်ငန်းများ ခိုင်မာအားကောင်းလာစေရေး အာဆီယံကြေညာစာတမ်း (ASEAN Decla-ration on Strengthening Social Work towards Cohesive and Responsive ASEAN Community) ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါကြေညာစာတမ်းအရ အာဆီယံဒေသတွင်း နိုင်ငံများတွင် လူမှုဝန်ထမ်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ နိုင်ငံအလိုက်လူဦးရေအချိုးနှင့် လူမှုရေးပြဿနာများကို  ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် ကျွမ်းကျင်လူမှုရေးပညာရှင်အချိုးကို တွက်ထုတ်ပြီး ရှိသင့်ရှိထိုက်သည့် ပမာဏရောက်ရှိစေရန် ကျွမ်းကျင်လူမှုရေးပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း အစီအစဉ်များ၊ အာဆီယံဒေသတွင်း လူမှုဝန်ထမ်းပညာရှင်များ အကြား အသိပညာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။


လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသည်လည်း အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံအဖွဲ့ကြီး၏ လူမှုရေးပညာရပ်ဆိုင်ရာ မျှော်မှန်းချက်နှင့်လုပ်ငန်းအစီအစဉ်များကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လူမှုရေးပညာရပ်ကိုဘွဲ့ကြိုနှင့် မဟာဘွဲ့သင်တန်းများဖွင့်လှစ်ပို့ချ၍ ဘွဲ့အပ်နှင်းနိုင်ခြင်း မရှိသေးပါ။ ထို့အပြင် မြန်မာနိုင်ငံတွင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ လူမှုရေးဝန်ဆောင်မှုများ၊ လူမှုရေးပြဿနာများကို ကူညီဖြေရှင်းပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် အစိုးရဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) ၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများရှိသော်လည်း ၎င်းအဖွဲ့အစည်းများတွင် ဝန်ဆောင်မှုလုပ်ငန်းများကို စံနှုန်းများနှင့်အညီ ကျွမ်းကျင်မှုရှိစွာ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျလေ့ကျင့်သင်ယူခဲ့ကြသည့် လူမှုရေးပညာဘွဲ့ရရှိ ထားသူများမှာ အနည်းငယ်မျှသာရှိသည်ကို လေ့လာတွေ့ရှိရသည်။

 မြန်မာနိုင်ငံ၌ လူမှုရေးပညာရပ်ကို ဘွဲ့ကြိုနှင့် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချ၍ လူမှုရေး ပညာဘွဲ့များအပ်နှင်းပြီး ကျွမ်းကျင်လူမှုရေးပညာ ရှင်များလေ့ကျင့်မွေးထုတ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လူမှုရေးပညာဘွဲ့သင်တန်း များပို့ချ၍ လူမှုရေးပညာဘွဲ့အပ်နှင်းနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသောလူမှုရေးပညာမဟာဌာန (Faculty of Social Work) ကို ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Academy ၌ ဖွင့်လှစ်သွားနိုင်မည်ဖြစ်သည်။


သင်ကြားပေးမည့်ဘာသာရပ်များ

လူမှုရေးပညာမဟာဌာနအနေဖြင့် လူမှုရေးအကူအညီပေးမှုပုံစံများ၊ လူမှုရေးပြဿနာ ဖြေရှင်းရန်နည်းလမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းစနစ်များ၊ လူမှုရေးဝန်ဆောင်မှုနည်းလမ်းများ၊ လူမှုရေးဆက်သွယ်ချိတ်ဆက်မှုနှင့် အပြုအမူများ၊ ထိခိုက် လွယ်လူအုပ်စုများ၊ လူမှုရေးရာပြဿနာများ၊ လူမှုရေးတရားမျှတမှုရရှိရေးချဉ်းကပ်မှုများ၊ လူမှုဝန်ထမ်းနည်းစနစ်များ၊ ဝန်ဆောင်မှုပေးရာတွင် ပြည့်စုံရမည့်ကျွမ်းကျင်မှုများနှင့် စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်များကို သီအိုရီများနှင့်အတူ စာတွေ့လက်တွေ့ဖြင့် အခြေခံမှစ၍ စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်သည်။

ထိုမျှမက အခြားသောဘာသာရပ်သင်ကြားမှု ပုံစံများနည်းတူ အခြေခံအုတ်မြစ် ဘာသာရပ်များ ဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်များအပြင် စိတ်ပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ Human Biology ၊ Personal Development စသည့် လူမှုရေးပညာဘာသာရပ်နှင့် နှီးနွှယ်ပြီး သိသင့်သိထိုက်သောဘာသာရပ်များနှင့် လူမှုရေးဆိုင်ရာပြဿနာများ၊ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းနည်းများကို ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အခြားသော အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ဆေးပညာနှင့် အင်ဂျင်နီယာပညာရပ်များကဲ့သို့ လူမှုရေးပညာသည်လည်း လက်တွေ့ကျင့်သုံး ဆောင်ရွက်ရသည့် Practice-Based အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သည့် အတွက် သီအိုရီများကို စာတွေ့သင်ကြားခြင်းအပြင် လက်တွေ့ကျင့်သုံးနိုင်စေရန်အတွက် Field Work (လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများ)ကို လူမှုရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်း/ ဌာနများ တွင် တတိယနှစ်မှစပြီး စုစုပေါင်း ၄၃၅ နာရီကြာ ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်သည်။

ထို့အပြင် လူမှုရေးပညာရပ်တွင် သုတေသန သည် မရှိမဖြစ် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်သည့်အတွက် ကျောင်းသားများအနေဖြင့် ဘွဲ့ယူ စာတမ်းတစ်ခုဆောင်ရွက်ရမည် ဖြစ်သည်။ စာတမ်းရေးသားခြင်း၊ အဖွဲ့အစည်းများ၌ ကွင်းဆင်းဆောင်ရွက်ခြင်းများတွင် လူမှုဝန်ထမ်းကျွမ်းကျင်မှု ဆိုင်ရာစံနှုန်းများဖြင့် ချိန်ထိုး၍ စာတွေ့လက်တွေ့ ကျွမ်းကျင်သူများက ကြီးကြပ်ညွှန်ကြားပေးသွား မည်ဖြစ်သည်။

လူမှုရေးပညာရပ်ကို တက်ရောက်မည့် ကျောင်းသားကျောင်းသူများသည် လေးနှစ် သင်တန်းတက်ရောက်ပြီးသည့်အခါ လူမှုရေးပညာ ဘွဲ့ (Bachelor of Social Work)ကို ရရှိမည်ဖြစ်သည်။ လူမှုရေးပညာရပ်လျှောက်ထားသူများသည် ကျွဲကူးရေပါဆိုသကဲ့သို့ လူမှုရေးပညာရပ်များကို သင်ယူရင်းလူမှုအသိုင်းအဝိုင်းအတွင်းနေထိုင်စဉ် မိမိတို့ဘဝတစ်လျှောက် လိုအပ်မည့်ကျွမ်းကျင်မှုများကို တတ်မြောက်သွားမည်ဖြစ်သည်။ ဘွဲ့ရပြီး ၍ လူမှုရေးဝန်ဆောင်မှုပေးနေသော အစိုးရဌာနများတွင်ဖြစ်စေ၊ UN/INGO /NGO/CSO များတွင်ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကုမ္ပဏီများ၏ Corporate Social Responsibility(CSR) ဖြစ်သည့် လူထုအကျိုးအပြန်အလှန် ဆောင်ရွက်ပေးသော လုပ်ငန်းများတွင်ဖြစ်စေ၊ မိမိတို့စေတနာအလျောက် စေတနာ့ဝန်ထမ်းလူမှု‌ရေးလုပ်ငန်းများတွင် ဖြစ်စေ လုပ်ငန်းခွင်ဝင်လျှင် စနစ်တကျလုပ်ကိုင်စီမံတတ်စေ မည်ဖြစ်သည်။


လျှောက်ထားနိုင်မည့် ကျောင်းသား ကျောင်းသူများ

လူမှုရေးပညာရပ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် စတင်ထည့်သွင်း လျှောက်ထားနိုင်ရန်ခေါ်ယူသွားမည်ဖြစ်ပြီး၊ Naypyitaw State Academy (NSA) ၏ ကျောင်းဖွင့်ချိန်ဖြစ်သည့် နိုဝင်ဘာလတွင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ဘာသာရပ်အနေဖြင့် KG+12 အောင်မြင်သည့် မည်သည့်ဘာသာတွဲမဆို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှစ်မြို့နယ်ရှိ ကျောင်းသားကျောင်းသူများနှင့် နေပြည်တော်တွင်တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းသားသမီးများမှ လျှောက်ထားနိုင်ပြီး တက်ရောက်သင်ကြားရန် ကျောင်းသားကျောင်းသူဦးရေခန့်မှန်း ၅၀ အား လျာထားလက်ခံသွားမည်ဖြစ်သည်။ လူမှုရေးပညာ မဟာဌာနတွင် သင်ကြားပို့ချမည့် လူမှုရေးပညာဘွဲ့ သင်ရိုးညွှန်းတမ်းသည် KG+12 ၏ သင်ရိုးများနှင့် ချိတ်ဆက်ပြီး ရေးဆွဲထားခြင်းဖြစ်၍ စနစ်သစ်ပညာ ရေးနှင့်အညီ သင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။


အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ

ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများအနေဖြင့် တက္ကသိုလ်တက်ပြီး ဘွဲ့ရပြီးလျှင်မည်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဆိုသည်ကို စိတ်ဝင်တစား လေ့လာတတ်ကြသည်။ လူမှုရေးပညာရပ်သင်ကြားမှု၏ နောက်ဆုံးနှစ်တွင် အလုပ်သင်အစီအစဉ် (Internship Program) ရှိမည်ဖြစ်သည်။ Internship Program များကို လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်တွင်ရှိသော ဌာနငယ်/သင်တန်းကျောင်းများတွင် လက်တွေ့လေ့လာရမည်ဖြစ်သည်။

လက်တွေ့အသုံးဝင်သော ပညာရပ်များကို သင်ယူလေ့လာပြီး ဘွဲ့ရရှိလာသည့် လူမှုရေးပညာ ဘွဲ့ရရှိသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများသည် လက်တစ်ကမ်းမှာပင် ရှိနေမည်ဖြစ်သည်။ အစိုးရဌာနဆိုင်ရာများတွင် လုပ်ကိုင်ချင်သူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာန၊ ဆေးလူမှုဆက်ဆံရေးဌာနများတွင် Social Workers များအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်သည်။

 ပြင်ပအရပ်ဘက်အဖွဲ့အစည်းများတွင် လုပ်ကိုင် ချင်သူများအနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စများ ဆောင်ရွက်နေသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းခွင်များ၊ လူမှုရေးဝန်ဆောင်မှုများ အထောက်အပံ့ပေးသော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။ ထို့အပြင် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်အနေဖြင့် လူမှုရေးပညာဘာသာရပ် တိုးတက်အောင်မြင်နေသော အိမ်နီးချင်းနိုင်ငံများရှိ  တက္ကသိုလ်များနှင့် Exchange Program များဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတကာ၌ ဆောင်ရွက်နေသော လူမှုဝန်ထမ်းလုပ်ငန်းများ၊ လူမှုရေးပညာရပ်များကို လေ့လာခွင့်ရရှိမည်ဖြစ်သည်။

အကျိုးကျေးဇူးများအနေဖြင့် ရေတိုအကျိုး သက်ရောက်မှုဖြစ်သော ယနေ့ပြောင်းလဲနေသည့် လူမှုရေး၊ စီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော လူတစ်ဦးချင်းစီမှအစပြု၍ ရပ်ရွာအသိုင်းအဝိုင်းများတွင် လူမှုဝန်ထမ်းသမားများသည် ထိထိရောက်ရောက် ပံ့ပိုးကူညီနိုင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက အရေးပေါ်အကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဘေးအန္တရာယ်များ၏သက်ရောက်မှုကို လျှော့ချနိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူမှုရေးစည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းနှင့် ထိခိုက်လွယ်အုပ်စုများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို အဓိကထားဆောင်ရွက်ခြင်းဖြစ်၍ အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်သည့် စိတ်ဓာတ်ကြံ့ခိုင်သော၊ ရပ်တည်နိုင်စေမည့် လူမှုအသိုင်းအဝိုင်းများကိုဖန်တီးရန် ပံ့ပိုးကူညီပေးနိုင်သော ရေတိုအကျိုး ကျေးဇူးများကို ခံစားရရှိမည်ဖြစ်ပါသည်။

ရေရှည်အကျိုးကျေးဇူးအနေဖြင့် မိမိတို့နိုင်ငံ၌ လိုအပ်နေသည့် လူမှုရေးပညာရပ် ကျွမ်းကျင်သောအသိပညာရှင်၊ အတတ်ပညာရှင်များအား မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး လူမှုရေးဝန်ဆောင်မှုပေးနေသည့် နေရာများ၌ ဝန်ဆောင်မှုပေးသူများနှင့် အကျိုးခံစားခွင့်ရှိသူများအကြား အချိုးအစားညီမျှစွာ တာဝန်ပေးအပ်ခြင်းဖြင့် ဝန်ဆောင်မှုများပံ့ပိုးရာတွင် ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

လူမှုရေးပညာရပ်သည် အလွန်သိမ်မွေ့ပြီး ကိုယ်ချင်းစာစိတ် (Emphaty)၊ ထပ်တူခံစား နားလည်မှု (Sympathy) နှင့် ကျင့်ဝတ် (Ethics) များ ကို အမှန်တကယ် ကျင့်သုံးလိုက်နာ၍ လူမှုအကျိုးပြုလုပ်ငန်းများကို အများကောင်းကျိုးအတွက် ဆောင်ရွက်ပေးရသော နည်းစနစ်များကို စနစ် တကျ လေ့လာရသည့် ပညာရပ်တစ်ခုဖြစ်သည်။ လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေရန် လူမှုဝန်ထမ်းသမားများ ပေါ်ပေါက်လာစေရေးပြင်ဆင်ရာတွင် လူမှုရေးပညာရပ်သည် မရှိမဖြစ်လိုအပ်နေသော ပညာရပ်တစ်ခုလည်းဖြစ်သည်။

လူမှုရေးပညာရပ်ကို လေ့လာသင်ယူခြင်းဖြင့် လူတစ်ဦးချင်း၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း၌ ဖြစ်ပေါ်လေ့ရှိသည့် ပြဿနာများ၊ ထိုပြဿနာများကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများကို ဖော်ထုတ်ပေးနိုင်ခြင်းနှင့် ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် ထိရောက်သော ကြားဝင် ဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးနိုင်မည့် Problem Solving Skills၊ မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းအတွင်း ကောင်းမွန်စွာပြောဆို ဆက်ဆံနိုင်မည့် Communication Skills စသည့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာနိုင်သည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ၊ မိဘများအနေဖြင့် ထိုအခွင့်အရေး များကို လက်လွှတ်မခံဘဲ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် Naypyitaw State Academy (NSA)၌ ဖွင့်လှစ်သင်ကြားပေးမည့် သင်ယူတတ်မြောက် လေ့လာအပ်သည့် လူမှုရေးပညာရပ်ကို ရွေးချယ်လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါး ရေးသားလိုက်ရပါသည်။ ။


လင်းလက်မေမေ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)