လုပ်ငန်းလိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ငန်းလိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ မေ ၂

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဝင် ဆေးရုံများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဥပဒေနှင့်အညီ စည်းကမ်းတကျ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပုဂ္ဂလိကဆေးရုံ ၂၉၅ ရုံကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားရှိပြီး အဆိုပါဆေးရုံများအားလုံး မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း အသင်းဝင်များဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် နှိုးဆော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိသဖြင့် အသင်းဝင်များကလည်း အလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်တွင်းပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သောစက်ရုံများမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဦးစားပေးဝယ်ယူသုံးစွဲစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးမရှိမဖြစ်ဆေးဝါးများ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် လက်လှမ်းမီရရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၏ သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေးဖြစ်သဖြင့် (၂၀၂၄-၂၀၂၆) ခုနှစ်အတွက် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်းဖြစ်၍ အသင်းအတွက် အမှန်တကယ် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်မည့် သူများရွေးချယ်တင်မြှောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဥက္ကဋ္ဌအသစ်နှင့် အလုပ်အမှုဆောင်အသစ်များကိုလည်း ဝမ်းမြောက်စွာကြိုဆိုပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းနှင့် ပူးပေါင်းညှိနှိုင်းကာ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းအနေဖြင့် ကောင်းမွန်သောရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် ပုဂ္ဂလိကဆေးရုံများ၏ အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ကာ ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာများကို တင်သွင်းဖတ်ကြားကြပြီး (၂၀၂၄-၂၀၂၆) ခုနှစ် သက်တမ်းအတွက် ဥက္ကဋ္ဌဒေါက်တာအေးအေးစန်း ခေါင်းဆောင်သောအဖွဲ့ဝင် ၁၅ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)