အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲများ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲများ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကျင်းပ









နေပြည်တော်၊ မေ ၂

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်ဒက္ခိဏသီရိဈေး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော် MSME လုပ်ငန်းရှင်များက ဒေသထွက်ထုတ်ကုန် အရောင်းပြခန်း ဆိုင်ခန်းပေါင်း ၅၀ ဖြင့် မေ ၁ ရက်မှ ၅ ရက်အထိ ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ MSME ဒေသထုတ်ကုန်ပြပွဲ၊ ဈေးရောင်းပွဲကို မေ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးများက ပြပွဲနှင့်ဈေးရောင်းပွဲတော် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြခန်းများကို ဈေးဝယ်သူများ၊ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး မေ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ကရင်ပြည်နယ်

ကရင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော အလုပ်သမားနေ့အထိမ်းအမှတ် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကို မေ ၁ ရက် နံနက် ၈ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြပွဲတွင် လူသုံးကုန်၊ စားသောက်ကုန်၊ ရိုးရာအဝတ်အထည်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဌာနဆိုင်ရာပြခန်းစုစုပေါင်း ၂၈ ခန်း ပြသထားကြောင်းသိရသည်။


ချင်းပြည်နယ်

ချင်းပြည်နယ် အစိုးရအဖွဲ့ကဦးဆောင် ကျင်းပပြုလုပ်သော ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်ပြပွဲအခမ်းအနားကို မေ ၁ ရက် နံနက် ၁၀ နာရီက ဟားခါးတပ်နယ်အားကစားကွင်း၌ကျင်းပရာ ယနေ့နံနက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။


မွန်ပြည်နယ်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ထုတ်ကုန်များ၊ ဒေသထွက်ရိုးရာအစားအစာများပြပွဲကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ယနေ့နံနက်ကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးသည်။


ရှမ်းပြည်နယ်

၂၀၂၄ ခုနှစ် အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မေ ၁ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မေ ၁ ရက်မှ ၃ ရက်အထိ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မြို့တော်ခန်းမဘေးပတ်လည်တွင် ညဈေးများ ရောင်းချသွားမည်ဖြစ်သည်။


တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမရှေ့၌ MSME ထုတ်ကုန်များပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။ ပြပွဲတွင် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများ၊ ဒေသထွက်ကုန်နှင့် စားသောက်ကုန်များကို အရောင်းပြခန်းပေါင်း ၁၈ ခန်းဖြင့် ပြသထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)