ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်ကညွတ်ကွင်းနှင့် ညောင်ပင်သာဘူတာ အကြားရထားလမ်းအား KNLA/PDF အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်ကညွတ်ကွင်းနှင့် ညောင်ပင်သာဘူတာ အကြားရထားလမ်းအား KNLA/PDF အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံထားရခြင်းကြောင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း



နေပြည်တော်၊ မေ ၂

ယမန်နေ့က ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်း ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာမှ နံနက် ၅ နာရီ ၁၅ မိနစ်တွင်ဖြတ်သန်းထွက်ခွာခဲ့ရာ ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြားမိုင်တိုင်အမှတ်၊၁၂၅/၁-၄ အတွင်းရထားမဖြတ်သန်းမီအချိန်က သောင်းကျန်းသူအဖွဲ့၏ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ခံထားရ သဖြင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းအပါအဝင် စက်ခေါင်းမောင်းနာနေတွဲနှင့်ကုန်တွဲ တွဲလွတ် (၃) တွဲ စုစုပေါင်းစက်ခေါင်းနှင့်တွဲ (၄) တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသွားပြည်သူ(၂၈၈)ဦး လိုက်ပါလာသည့် အမှတ် (၁၁) အဆန် လူစီးအမြန်ရထားသည် ကျောက်တန်းဘူတာသို့ နံနက် ၇ နာရီ ၉ မိနစ်အချိန်ရောက်ရှိပြီး ၈နာရီခွဲအချိန်တွင် ရန်ကုန်ဘက်သို့ လည်းကောင်း၊ မန္တလေးမှထွက်ခွာလာသည့် ခရီးသွားပြည်သူ (၁၇၄) ဦးလိုက်ပါလာသော အမှတ်(၁၂)အစုန်လူစီးအမြန်ရထားသည် မြစ်သားသို့ နံနက် ၆ နာရီ ၆ မိနစ်အချိန်တွင်ရောက်ရှိပြီး ၈ နာရီ ၂၅ မိနစ်အချိန်တွင် မန္တလေးဘက်သို့လည်းကောင်း အသီးသီးပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ရသဖြင့် ခရီးသည်များအား ခရီးဆုံးထိ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ အဆိုပါလူစီးအမြန် ရထား(၂)စင်းအား ယာယီဖျက်သိမ်းခြင်းပြုလုပ်ခဲ့ရပါသည်။

မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့ မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင်၍ လမ်းပိုင်းအားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။မိုင်းပေါက်ကွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်နှင့် ရထားလမ်းချော်မှုဖြစ်စဉ်များကြောင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သော အစုန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား (၁၀) တုံး၊ သံလမ်းပေ (၈၀) ခန့်ပျက်စီးသွားကြောင်း၊ အဆန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား (၃၂) တုံး၊ သံလမ်းပေ (၃၀) ခန့်ပျက်စီးခဲ့ကြောင်းနှင့် ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများအားအမြန်ဆုံးဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၁) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှု မရှိစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများ နှင့်ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)