နေပြည်တော်၊ မေ ၂
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား၊ မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် တံတားအမှတ်(၁၉၂) နေရာ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် အရှည် (၇၀) ပေ အကျယ် (၆၄) ပေ ငနုသန်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲမှုကြောင့် တံတား၏အလယ် အလျား ၅၀ ပေခန့်နှင့် အကျယ် ၅၀ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတံတား၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့် အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်းဟောင်း၌ ရထားလမ်းသံဘောင် ၂ ခုမှာ ၁၀ ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရထားလမ်းသစ် သံဘောင် ၂ ခုမှာ ၂၀ ပေခန့် ပြုတ်ထွက် ပျက်စီးခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင်လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်းနှင့် လမ်းတံတားပျက်စီးမှုများအား သက်ဆိုင်ရာလမ်း/ တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment